ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ခေါ်ဆောင်ကာ အလုပ်အကိုင်ရှာဖွေပေးသည့် ဈေးကွက်မှာ ရန်ကုန်မြို့တွင်ပင် ဖြစ်ထွန်းနေပြီဖြစ်ကြောင်းသိရသည်။
စစ်မှုထမ်းဥပဒေနှင့် အသက်၂၃နှစ်မှ ၃၁နှစ်ကြားအမျိုးသားများကို စစ်ကောင်စီက ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ယင်းဈေးကွက်ဖြစ်ထွန်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ပြည်ပအလုပ်အကိုင်အေဂျေစီဝန်ထမ်းတစ်ဦးကပြောသည်။
“စစ်တပ်ထဲလည်း မဝင်နိုင်ဘူး။PDF ထဲလည်း မဝင်ချင်တဲ့လူငယ်တွေပေါ့။ ပြည်ပအလုပ် တရားဝင်ရဖို့လည်း မရှိတော့ဘူးလေ။ဒီမှာဆက်နေရင်လည်း တစ်နေ့မဟုတ်တစ်နေ့ အဖမ်းခံရပြီး စစ်တပ်ထဲ ရောက်သွားနိုင်တာဆိုတော့ မြန်မြန်သွားလို့ရမယ့် ထိုင်းကို သွားချင်ကြတယ်။အဲဒါကြောင့် အောက်လမ်းဈေးကွက်ဖြစ်လာတာ” ဟု ၎င်းကMPAသို့ ပြောသည်။
လူငယ်များကို ထိုင်းသို့ တရားဝင်ပို့ဆောင်ရန် မဖြစ်နိုင်တော့သဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ကလည်း တရားမဝင်ပို့ဆောင်ကာ အလုပ်ရှာပေးရန် ပြုလုပ်လာကြောင်း ရန်ကုန်မြို့ တွင်းရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ဈေးကွက်ကလည်း တောင်းဆိုလာတယ်။အေဂျေစီတချို့ကလည်း ရပ်တည်ရေးဆိုင်ရာ အခက်အခဲ ရှိလာတယ်။အဲဒါကြောင့် အရင်က ထိုင်းတရားမဝင်သွားတဲ့ဈေးကွက်က မွန်နဲ့ကရင်မှာပဲအဓိက ရှိပေမဲ့ အခု ရန်ကုန်အထိ ရှိလာတာ” ဟု ၎င်းကဆိုသည်။
ယင်းဈေးကွက်သည် ယခုမှ စတင်ခါစဖြစ်ပြီး ဈေးကွက်လည်း မငြိမ်သေးခြင်းကြောင့် ဝန်ဆောင်ခ နှုန်းထားမှာလည်း ကျပ်သိန်း၅၀ ဝန်းကျင်အထိပင် ဖြစ်နေကြောင်း သိရသည်။
“တချို့လည်း သိန်း၄၀ပေါ့။ထိုင်းသွားတဲ့လမ်းကြောင်းမှာ တိုက်ပွဲဖြစ်နေတဲ့အခြေအနေတွေ၊ထိုင်းထဲ အဝင်မှာ အဖမ်းအဆီး အနည်း၊ အများအပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်တယ်။မြန်မာ ဘက်ခြမ်းလမ်းခရီးမှာ ကိုယ့်လူတွေကို စစ်တပ်က မရစ်အောင် လိုင်းကြေးလည်း ပေးရသေးတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီဝန်ထမ်းက ဆိုသည်။
အထက်ပါ ဝန်ဆောင်ခဈေးနှုန်းမှာ ထိုင်းတွင် အလုပ်အကိုင်ရရှိသည်အထိသာဖြစ်ပြီး ထိုင်းရောက်ပြီး နောက် တရားဝင်နေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်ကတ်တို့ကို မိမိဘာသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မေလဆန်းမှစတင်ကာ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ကန့်သတ် လိုက်ပြီးနောက် ပြန်လည်ဖြေလျှော့မှုအဖြစ် ၂၃နှစ်မှ ၃၁နှစ်ကြား အမျိုးသားများသာ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ကန့်သတ်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။