ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် စစ်မှုထမ်းရန် သတ်မှတ်လူဦးရေ မပေးနိုင်ပါက ပေါ်တာဆွဲ မည်ဟု သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ် ၁၄ခုတို့တွင် ဧပြီ ၂၀ ရက်မှ စတင်ကာ စစ်မှုထမ်းရန်အတွက် တစ်မြို့နယ်လျှင် လူငယ် ၅၀ခန့် စုဆောင်းကာ စစ်သင်တန်းပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လာမည့်အသုတ် များ၌ လူမပြည့်ပါက လမ်းမပေါ် တွေ့ရှိသည့် မည်သူ့ကိုမဆို အသက်အရွယ်ကန့်သတ်ချက်မရှိ တပ်သားသစ်အဖြစ် စုဆောင်းမည်ဖြစ်ကြောင်း ဒေသတွင်း စစ်ကောင်စီနှင့် နီးစပ်သူထံက သိရသည်။
“အရင်လို ပုံစံမျိုးမဟုတ်တော့ဘူး။ငါတို့ဆီက ဒုတိယ အသုတ်ခေါ်သလိုမျိုး စာရင်းကောက်မှာမဟုတ်ဘူး။ရုတ်တရက်ရောက်လာပြီး ဖမ်းခေါ်သွားမဲ့ ပုံစံမျိုး” ဟု ဒေသတွင်း စစ်ကောင်စီနှင့် နီးစပ်သူက MPAသို့ ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းရန် စုဆောင်းခဲ့သည့် လူငယ်များကို အင်းမမြို့၊တပ်မ၆၆ တွင် ခေတ္တထားပြီးနောက် စစ်သင်တန်းတက်ရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ဗထူးတပ်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ငါတို့ ဆီမှာလည်း လူငယ်တွေ မရှိတော့ဘူး။ထိုင်းကို ထွက်တဲ့သူတွေ များတယ်” ဟု စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း အလုပ်လုပ်နေသည့် ပေါင်းတည်မြို့ပေါ်နေ လူငယ်တစ်ဦးကပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များရှိ လူငယ်များစွာသည် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသလို နီးစပ်ရာ PDF တပ်ဖွဲ့များသို့ ဝင်ရောက်သူများလည်း ရှိကြောင်းသိရသည်။
မေလ ၂၀ ရက်တွင် ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များ၌ တပ်သားသစ် ထပ်မံစုဆောင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် ဒေသခံပြည်သူများကြား စိုးရိမ်နေကြကြောင်း သိရသည်။
စစ်မှုထမ်း အပတ်စဉ် နှစ် သင်တန်းကို မေ၁၄ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် တစ် သင်တန်းကို ဧပြီ ၈ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊မိုးညို၊အုတ်ဖို၊ကြို့ပင်ကောက်၊ ဇီးကုန်း၊နတ်တလင်း၊ပေါင်းတည်၊ရွှေတောင်၊သဲကုန်း၊ပေါက်ခေါင်း၊ပြည်နှင့်ပန်းတောင်းမြို့နယ်တို့ ပါဝင်သည်။