ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များအကြား ယနေ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေပြီီး ဒေသခံ(၉၀)ရာခိုင်နှုန်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တွန်းဇံမြို့ပေါ်ရှိစစ်ကောင်စီစခန်းများကို ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်မှုဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေ ၁၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအထိုင်ချ စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကဆိုသည်။
“ ဒီမနက်နှစ်နာရီလောက်မှာလည်း စပြီးတိုက်ပွဲဖြစ်တယ်။ ကိုးနာရီလောက်အထိ ဂျက်လေယာဥ်ရော၊ ဟယ်လီကော်ပတာနဲ့ရော ဗုံးအများကြီးလာကြဲတယ်။ အပြတ်အသတ်တော့မသိမ်းနိုင်သေးဘူး။ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းရတယ်။ မီးသတ်ရတယ်။ နတလရတယ်၊ ပြီးတော့ ထွေအုပ်ရတယ်။ အခုကျန်တာကတော့ ဆိုင်ကလုန်းစင်တာ။ အဲ့ဒီစင်တာကိုတော့ အခုချိန်ထိမရနိုင်သေးဘူး” ဟု ၎င်းက MPA ကိုပြောသည်။
တွန်းဇံမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၄၀)ထက်မနည်း ပြုလုပ်ခဲ့ပြီး မြို့ပေါ် ခေါဝုန်လေးဆန်ရပ်ကွက်တွင် အိမ်ခြေ(၃၀)ခန့်ပျက်စီး၍ လုံတပ်ကျေးရွာနှင့်ဖိုင်တူကျေးရွာများရှိ ဘုရားကျောင်းအပါအဝင်အိမ်ခြေ(၁၀)ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင်တိုက်ပွဲအခြေအနေများကြောင့် တွန်းဇံမြို့ပေါ်မှ ပြည်သူများအပြင် မြို့နယ်တွင်း ကျေးရွာ(၁၅)ရွာမှ ပြည်သူ (၉၀)ရာခိုင်နှုန်း ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
“ အရေအတွက်တော့ မပြောတတ်ဘူး။ တွန်းဇံမြို့ဘေးကရွာတွေကတော့ ရွာလုံးကျွတ်ရှောင်နေကြရတယ်။ မြို့ပေါ်မှာလည်း တချို့မသန်စွမ်းတဲ့လူတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ မပြေးနိုင်တဲ့လူတွေလောက်ပဲ ကျန်နေခဲ့တာတော့ ရှိတယ်လို့သိရတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိချင်းတောင်တွင် မိုးရွာသွန်းမှုများရှိနေပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အမိုးအကာ၊ စောင်၊ အနွေးအထည်နှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
“ အခု တောထဲမှာစစ်ရှောင်နေကြရတဲ့ လူတွေက အအေးဓာတ်မခံနိုင်တော့ဘူးလို့ပြောတယ်။ ဖျားနာမှုတွေလည်းရှိတဲ့အခါကျတော့ ဆေးဝါးတော်တော်လေးကို လိုအပ်နေတယ်လို့ ပြောတယ်။ အဲ့ဒီသတင်းကတော့ တော်တော်လေးကို စိတ်မကောင်းစရာဖြစ်တယ်” ဟု တွန်းဇံမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များသည် တွန်းဇံမြို့နယ်အတွင်းရှိ ကျီခါးမြို့ကို မေ ၁၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တွန်းဇံမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။