ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ရွှေညောင်ပင်အခြေစိုက် ခမရ – ၃၂၁ တပ်စခန်းကို ၂၀၂၄ခုနှစ်၊ မေလ ၂၁ရက်၊ ည ၈နာရီကျော်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လိုင်ဇာမြို့ကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ခုနှစ်၊ မေလ ၂၁ရက်၊ ည ၁၁နာရီဝန်းကျင်တွင် KIA/KIO ဌာနချုပ်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဂျက်ဖိုက်တာနဲ့လာကြဲတာ၊ လိုင်ဇာအနီးတစ်ဝိုက်ကိုကြဲတာ” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ လိုင်ဇာမြို့သို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲရာတွင် ဂျက်ဖိုက်တာတစ်စင်းသည် တရုတ်နိုင်ငံ နယ်နမိတ်အတွင်းသို့ ရောက်ရှိခဲ့သဖြင့် တရုတ်နိုင်ငံ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
“ အရင်က လိုင်ဇာကို လာကြဲရင် တရုတ်ဘက်ကိုလေယာဥ်ကျော်ပြီးမှ ကြဲတာ၊ အခု တရုတ်က သူတို့ဘက်ကို နယ်မြေအကျော်မခံတော့ဘူး။ နောက်တစ်ခါ နယ်မြေကျော်ရင် ပစ်ချမယ့်အနေအထားရှိတယ်။ မနေ့ကတော့ ခြောက်လှန့်ပစ်တဲ့ အနေအထားလောက်ပဲရှိတယ်” ဟု KIAနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ရွှေညောင်ပင်အခြေစိုက် ခမရ -၃၂၁ တပ်စခန်းကို KIA၊ AAနှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ်၊ မေ ၁၈ရက်နေ့စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၂၁ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။
KIAကသိမ်းပိုက်လိုက်သည့် ရွှေညောင်ပင်တပ်စခန်းမှာ ဝိုင်းမော်မြို့နယ်အတွက် ဗျူဟာကျသည့်အပြင် ဝိုင်းမော်မြို့အဝင်အထွက်ကို ထိန်းချုပ်ထားကာ ခံစစ်အခိုင်အမာတည်ဆောက်ထားသည့် တပ်စခန်းကြီးဖြစ်သည့်အတွက် လက်တုန့်ပြန်သည့်အနေဖြင့် လိုင်ဇာဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။
“ စစ်ရှုံးရင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက စစ်တပ်ရဲ့ထုံးစံပဲလေ၊ သူတို့လက်လွှတ်လိုက်ရတဲ့ တပ်စခန်း ကလည်း ဗျူဟာကျတဲ့စခန်းကြီးဆိုတော့ ရှုံးမဲမဲတာပေါ့ဗျာ” စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးကဆိုသည်။
ယင်းတပ်စခန်းကြီးကို KIAက ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မတ် ပထမပတ်တွင် ပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာလာကာ ဒုတိယအကြိမ်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။