တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အဆိုပါ စစ်ဆေးရေးဂိတ်သို့ စစ်ကူလာသည့် စစ်ကြောင်းကို နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်သား လေးဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော်ထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၉ရက်၊ မွန်းလွဲ ၂နာရီ ၃၀မိနစ်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ကားဖြင့်အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်က မေ ၂၀ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ထို့နောက် မေ ၂၀ရက်၊ ည ၁၂နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ ဇဟာအမြှောက်တပ်မှ ဘုရားမဲစစ်ဆေးရေးဂိတ်သို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်ကပြောသည်။
“ စစ်ဆေးရေးဂိတ်မှာက အင်အား ၃၀လောက်ရှိတယ်။ အနီးကပ်ပစ်တာဆိုတော့ နှစ်ယောက် ပွဲချင်းပြီးပဲ၊ သေဆုံးသွားတဲ့ အလောင်းတွေကို လာသယ်တဲ့ စစ်ကြောင်းနဲ့ နောက်တစ်နေ့မှာ ထိတွေ့မှုထပ်ဖြစ်တယ်။ နှစ်ယောက်ထက် မနည်းသေတယ်” ဟု ရဲဘော် ထက်မြက်ကပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးသွားသည့် စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ဇယာကျေးရွာရှိ အမြှောက်တပ်သို့ ခေါ်ဆောင်ကာ စစ်ကြောင်းလည်း ဆုတ်ခွာသွားကြောင်း ထားဝယ်မြို့ ဒေသခံတစ်ဦးထံမှ သိရသည်။
“ ဘုရားမဲ စစ်ဆေးရေးဂိတ်မှာ အရင်ကထက် စစ်သားတွေ ပိုတိုးချထားတယ်။ စစ်တာကတော့ အရင်လိုပဲ စစ်ဆေးတယ်” ဟု ထားဝယ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။
ဘုရားမဲစစ်ဆေးရေးဂိတ်အား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ရက်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးပြီး၊ သေနတ် နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၈ရက်၌ပင် မောင်မယ်ရှောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(ထားဝယ်)မှ Non-CDM ပါမောက္ခသုံးဦးကိုလည်း တော်လှန်ရေးတပ်များက ဖမ်းဆီးခဲ့သည့်အတွက် ယင်းတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။