မကွေးတိုင်း၊ ရေစကြို မြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာနှင့် PDFစခန်းတစ်ခုကို ၀င်စီးရန် လာသော စစ်ကောင်စီ စစ်ကြောင်းအား ပြန်လည် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မေလ ၁၇ ရက်၊ နံနက် ငါးနာရီကျော်မှ စ၍ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာ၊ ဇီးတောရွာ၊ သဲတောရွာနှင့် Southern YSO PDF စခန်းတို့ကို စစ်သား အင်အား ၃၀၀ကျော် ဖြင့် တစ်ပြိုင်နက် စီးနင်းခဲ့သော်လည်း ကြိုတင် စခန်းစွန့်ခွာ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ စခန်းကို အလစ် ၀င်စီးပေမဲ့ အရင် စစ်သားတွေက ကျောက်ထပ်ရွာထဲကို မီးအရင်ရှို့တယ်။ အဲမှာ ကျတော်တို့ ဆုတ်ချိန်ရပြီး စစ်သားတွေ စခန်းထဲ အရောက်မှာ မိုင်းဆွဲ ၊လက်နက်ကြီးတွေပစ်၊ လက်နက်ငယ်တွေ ပစ်ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု Southern YSO PDF တာ၀န်ခံ ရဲဘော် အောင်မောင်းက MPA သို့ ပြောသည်။
ယင်းနောက် နံနက် ခုနှစ်နာရီ ၂၅မိနစ်ခန့်တွင် PDFတို့က နောက်ဆုတ်၍ ခံစစ် ပြင်နေစဉ် ရှေ့ကင်းထွက်လာသော စစ်သား ၁၀ဦးနှင့် ထိပ်တိုက်တွေ့၍ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်သား ၁၀ဦးစလုံး သေဆုံးကာ သေနတ် ကိုးလက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ မနက်အစောက တိုက်ပွဲဖြစ်တဲ့ အလောင်းတွေကိုတော့ ၁၈ရက်နေ့ ည ၁၂နာရီလောက်မှာ ဖောကားနှစ်စီး နဲ့ လာသယ်သွားတယ်။ ၁၀ယောက်လုံး သေတဲ့ စစ်သားတွေတော့ အခုထိ မကောက်ေသးဘူး ” ဟု ၎င်းက ယနေ့(မေလ၂၁ရက်)ညနေပိုင်း၌ ပြောသည်။
သိမ်းဆည်းရမိသော လက်နက်များမှာ MA 1 သုံးလက်၊ MA2 တစ်လက်၊MA3 တစ်လက်နှင့် G3 လေးလက် တို့ဖြစ်ပြီး Southern YSO PDF ၊ BNRA ( ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်)နှင့် ပြည်သူ့အားမာန် PDF တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ကျောက်ထပ်ရွာ နှင့် ဇီးတောရွာတို့ကို မီးရှို့ ခဲ့ပြီး ကျောက်ထပ်ရွာက ပြည်သူ ၁၀၀ ကျော်အား ဖမ်းဆီးထားကာ တပ်ဆုတ်သွားချိန်၌ ပြန်လွှတ်ပေးခဲ့သော်လည်း ကျောင်းဆရာမ တစ်ဦးနှင့် အမျိုးသား ခြောက်ဦးတို့အား သတ်ဖြတ်သွားခဲ့ေကြာင်း ရေစကြို ပကဖ တာ၀န်ခံ ရဲဘော် ဝေကြီး ထံက သိရသည်။
“ ကျောင်းဆရာမလေးကတော့ စစ်ကြောင်း စ၀င်တဲ့ ၁၇ ရက်နေ့မှာပဲ အသတ်ခံလိုက်ရတာ။ ကျန်တဲ့ အမျိုးသားခြောက်ဦးကတော့ စစ်ကြောင်းပြန်မှ မီးရှို့ခံထားရတဲ့ အလောင်းတွေ့တဲ့အတွက် ဘယ်ရက်က သတ်ဖြတ်သွားသလဲ အတိအကျ မသိရဘူး” ဟု ၎င်းက ပြောသည်။
ယင်းစစ်ကြောင်း မီးရှို့ခဲ့သဖြင့် ကျောက်ထပ်ရွာက နေအိမ် ၃၈လုံး ပြာကျခဲ့ပြီး ဇီးတောရွာက မီးရှို့ ခံရသည့်နေအိမ်အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။
ယင်းစစ်ကြောင်းသည် ကျောက်ထပ်ရွာ၌ လေးရက်ကြာ တပ်စွဲသွားပြီးနောက် မေလ ၂၀ရက် ညနေ ပိုင်းတွင် ပခုက္ကူ တပ်မ ၁၀၁ ၊ ခလရ ၂၃၅၊ ၂၅၇၊၂၅၈ နှင့် ပျူစောထီး ကျေးရွာများ အတွင်းသို့ ပြန်လည် ၀င်ရောက်သွားကြောင်း သိရသည်။



