မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်နေ အငြိမ်းစား ဆရာ၊ ဆရာမ လင်မယားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်သွားခြင်းဖြစ်ကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်သည်။
မေလ ၁၈ရက် ညပိုင်းက ရေစကြိုမြို့၊ အမှတ် ခုနှစ်ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်နေ အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် (အသက်၇၀)နှင့် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ကြည်တင့် (၆၆နှစ်)တို့၏နေအိမ်သို့ လူတစ်စု ဝင်ရောက် ရှာဖွေ မွှေနှောက်ကာ ဓားဖြင့်ထိုးသတ်သွားခြင်းဖြစ် ကြောင်း သိရသည်။
“ အကြောင်းရင်းကတော့ လုပ်တဲ့သူတွေပဲ အတိအကျသိမှာပေါ့နော်။ ကျတော်တို့ သုံးသပ်သလောက်တော့ အဓိကကတော့ ပစ္စည်းယူချင်တဲ့သဘောရှိတယ်။ နှစ်ယောက်တည်းပဲ အိမ်မှာနေကြတာကိုး။ မိုးတွေလည်း တအားရွာနေတော့ ဘေးပတ်ဝန်းကျင်ကလည်း မကြားရဘူး။ ဧည့်စာရင်းစစ်ဆိုပြီး လာတယ်။ ပြန်ထွက်သွားတယ်” ဟု ရေစကြိုမြို့နယ်ပကဖတာဝန်ခံ ရဲဘော်ဝေကြီးက MPAသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေစကြိုမြို့နယ်ပကဖ က စုံစမ်းစစ်ဆေးခဲ့ရာ ရေစကြိုမြို့မရဲစခန်းမှ ရဲနှင့် ခလရ ၂၅၇၊ ၂၅၈မှ စစ်သား စုစုပေါင်း ၁၃ဦးခန့်က ကျူးလွန်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
မေလ ၁၉ရက် နံနက်ပိုင်းတွင် ဆရာ၊ဆရာမ နေအိမ်သို့ စာသင်ကြားနေသည့် ကလေးငယ်များ ရောက်လာမှ သတ်ဖြတ်ခြင်းခံထားရသည်ကို သိရှိရကြောင်း ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
” ကလေးတွေ ခေါ်တာ တံခါးမဖွင့်တော့ ဝင်ကြည့်ကာမှ သိတာပေါ့နော်။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)လာပြီး စစ်ဆေးတာတွေရှိတယ်။ ကလေးတွေကိုလည်း ထိန်းသိမ်းပြီး ဗီဒီယို ရိုက်ယူတာတွေရှိတယ်” ဟု ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
ယင်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ဆရာ၊ဆရာမတို့၏ တပည့်များဖြစ်သော ရေစကြိုပကဖ တပ်ဖွဲ့ ဝင်များကို စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
“ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)ကတော့ ဒီကာလမှာ လိုင်စင်ရသလိုပဲပေါ့နော်။ ပြည်သူလူထုအ ပေါ်မှာ လုယက်တာ၊ သတ်ဖြတ်တာတွေ လုပ်တယ်ပေါ့နော်။ ပြီးရင် PDFကိုလွှဲချတယ်” ဟု ရဲဘော်ဝေကြီးကပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် မြို့ခံပြည်သူများအပေါ် အနိုင်ကျင့်၊ လုယက်၊ ဖမ်းဆီး သတ်ဖြတ်မှုများ အမြဲလိုလို ပြုလုပ်နေကြောင်း သိရသည်။