ဆီဆိုင်မြို့တောင်ဘက် ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ်ရှိ ထီဗွာ(ရေဖြူ)ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ် ၂၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က ထုတ်ပြန်ထားသည်။
ရေဖြူကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များက မေလအစောပိုင်းတည်းကဝင်ရောက်တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးအပါဝင် ကျေးရွာသူ၊ ကျေးရွာသားကိုးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။
“အဲဒီကတည်းက စစ်ကြောင်းပြန်မထွက်တာ၊ အခုပြီးခဲ့တဲ့ ရက်ကလည်း နေအိမ်တွေမီးရှို့တယ် ၂၄ လုံးထက်မနည်းဆုံးရှုံးသွားတယ်၊ ပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးထုတ်နေတယ်၊ ပြီးတော့နောင်ကျောကရွာနဲ့ ကောင်ဝိန်းကြီးရွာထဲကိုလက်နက်ကြီးတွေနဲ့ပစ်သေးတယ်၊ အဲဒီနှစ်ရွာမှာလည်း နေအိမ် ၁၈ လုံးလောက်ပျက်စီးသွားသေးတယ်” ဟု PNLA ပြောခွင့်ရသူ ကိုခွန်ရိန်းယံက MPA ကိုပြောသည်။
ထို့ပြင် မေ ၂ ရက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောမှာလည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း ကိုခွန်းယိမ်ယံက ဆက်လက်ပြောဆိုသည်။
“တော်လှန်ရေးအဖွဲ့တွေနဲ့ဆက်သွယ်လို့ဆိုပြီး ဖမ်းသွားတာတဲ့ ၊ အခုဘာသတင်းမှလည်းမရဘူး၊ သေလားရှင်လားလည်းမသိရဘူး၊ ဒီကောင်တွက မထင်ရင်မထင်သလိုပြည်သူလူထုတွေကိုဖမ်းဆီးသတ်ဖြတ်နေအိမ်တွေမီးရှို့ဖျက်ဆီးလုပ်နေတော့ ပြည်သူတွေအနေနဲ့ သွားတာလာတာနေထိုင်တာတွေကအစ သတိကြီးကြီးနဲ့ နေထိုင်ကြပါ” ဟု ကိုခွန်းယိမ်ယံက သတိပေးသည်။
ဆီဆိုင်မြို့နယ် အစပ်ကျေးရွာအချို့တွင် တိုက်ပွဲများမကြာခဏာဖြစ်ပွားလျှက်ရှိသော်လည်း မြို့ပေါ်တွင် တိုက်ပွဲများပြန်လည်ငြိမ်သက်ပြီး စစ်ရှောင်ပြည်သူအချို့ ပြန်လည်နေထိုင်နေကြောင်း ဆီဆိုင်မြို့တွင်နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ပစ်ခတ်သံတွေတော့သိပ်မကြားရတော့ဘူး၊ အကုန်လုံးတော့မပြန်သေးဘူး၊ ၂၀ ရာခိုင်နူန်းလောက်ပဲ၊ လျှပ်စစ်မီးတော့မရသေးဘူး၊ လမ်းမီးလောက်ပဲရတယ်၊ ရေကတော့ဝယ်သုံးနေရတယ်၊ ဈေးဆိုင်တွေလည်းပြန်တော့ဖွင့်တယ် ဒါပေမဲ့ဝယ်သူနည်းတော့ရောင်းမကောင်းကြဘူး” ဟု ၎င်းကဆိုသည်။
ယခု မေလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်တပ်ဘက်ကအယောက် ၃၀ ကျော်သေဆုံးခဲ့ပြီး ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေးစသည့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၃,၄၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။