ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ၂၄ နာရီအတွင်းဖြစ်ပေါ်လာမည် လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၂၄ နာရီမှ လေးရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများထံမှသိရသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းတို့တွင်နေရာစိပ်စိပ်၊ ပဲခူးတိုင်း ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် နေရာကြဲကြဲ မိုးရွာသွန်းနိုင်ပြီး၊ ကျန်တိုင်းများနှင့်ပြည်နယ်တို့တွင် ကွက်ကျားမိုးရွာနိုင်ကြောင်း ဦးဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ )က ခန့်မှန်းထားသည်။
“ ပူနေတုန်းပဲ။ ညပိုင်းမအိပ်နိုင်ဘူးဆိုတဲ့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းက ပြည်သူတွေအနေနဲ့ လာမယ့် ၂၂ ရက်နေ့နောက်ပိုင်းမှာ အပူငြိမ်းမိုးများရွာလာပြီး ညပိုင်းအေးချမ်းစွာ အိပ်စက်အနားယူနိုင်တော့မှာ ဖြစ်ကြောင်းကိုလည်း အကြိုသတင်းကောင်းလေးပါးထားချင်ပါတယ်” ဟု ဦးဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ ) က ၎င်း၏လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။
“ ခုရက်ထဲ တအားပူနေတာ မိုးရွာမယ်ဆိုရင်တော့ ပျော်တာပေါ့။ ဒါပေမဲ့ အရင်တစ်ခါ ၁၁ ရက်နေ့လောက်ကဖြစ်မယ်။ မိုးရွာတုန်းက မိုးကြိုးတစ်ချက်ပစ်ပြီး ဝိုင်ဖိုင်တွေပြတ်၊ မီးတွေပြတ်ကုန်တော့ ဒုက္ခများသွားသေးတယ် ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက MPA ကို ပြောသည်။
မေ ၂၀ ရက်တွင် ထုတ်ပြန်ထားသည့် အိန္ဒိယမိုးလေဝသဌာန ကြေညာချက်အရ နောက်လာမည့် ၇၂ နာရီမှ ၉၆ နာရီအတွင်း(နောက် ၃ ရက်မှ ၄ ရက်အတွင်း)ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ HIGH အဆင့်ရှိကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ ဒီဘက်က ချောင်းနားမှာ စိုက်ကြတာများတယ်။ ကြက်သွန်ခင်းထဲ မြေပဲရောစိုက်တာ။ ကြက်သွန်ကတော့ ပြီးခဲ့တဲ့လက နှုတ်ပြီးပြီ။ မြေပဲတွေက သိပ်မရင့်သေးပေမဲ့ အခုက မိုးရွာလာရင် ချောင်းရေကျပြီး ဘာမှမရလိုက်မှာစိုးလို့ အမြန်နှုတ်နေရတယ်။ ရေထဲပါသွားရင် အပင်ကို နွားစာသုံးတာလည်း မရတော့ဘူး၊ ခုတော့ အနည်းဆုံး နွားစာ ရသေးတာပေါ့” ဟု မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ တောင်သူတစ်ဦးက ဆိုသည်။
ယခုရွာသွန်းမည့်မိုးသည် မုန်တိုင်းမိုးဖြစ်သောကြောင့် ၃ ရက်မှ ၄ ရက်ခန့်ကြာသည်အထိ မိုးရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မေ ၂၃ ရက်၊ ညနေမှ မေ ၂၅ ရက်၊ ညနေပိုင်းအထိ မုန်တိုင်းလက်တံလက်လှမ်းမီလာနိုင်ခြင်းကြောင့် မိုးနှင့်အတူ လေပြင်းအန္တရာယ် အနည်းငယ်ရှိလာသလို မုန်တိုင်းဒီရေလည်း အနည်းငယ်တက်နိုင်ကြောင်း ဦးဝေဖြိုးဟန်က ခန့်မှန်းထားသည်။