မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အမြဲတမ်းစစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ခက်ခဲနေကြောင်း သိရသည်။
ပေါက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပေါက် ပအဖ) အနေဖြင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာက အမြဲတမ်း စစ်ရှောင် ၁၁,၀၀၀ကျော်ကို နေစရာနှင့် အခြေခံလိုအပ်ချက်များ စီစဉ်ပေးလျက် ရှိသော်လည်း စားနပ်ရိက္ခာ အခက်အခဲ ရှိကြောင်း သိရသည်။
” ကျတော်တို့ဆီ ရောက်ရှိလာတဲ့သူတွေကို ပြင်ပကူညီသူတွေရဲ့ အကူအညီနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးတာ၊ အလှည့်ကျ ငွေသားကူညီတာ၊ ရိက္ခာ ကူညီတာတွေ လုပ်ပေးပေမဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်” ဟု ပေါက်မြို့နယ်ပအဖမှတာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အမြဲတမ်းစစ်ရှောင်များမှာ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ထွက်လာကြသူများနှင့် ပျူစောထီးရွာများနှင့် နီးသဖြင့် ထွက်ပြေးလာကြသူများ ဖြစ်ကြောင်းသိရသည်။
အမြဲတမ်းစစ်ရှောင်များကို နီးစပ်ရာပြည်သူများ၏ အကူအညီဖြင့် သစ်၊ဝါး၊ သက်ကယ်တို့ အသုံးပြုကာ နေအိမ်များ ဆောက်လုပ်ပေးထားကြောင်း သိရသည်။
” ကျမတို့မှာ လုပ်စားစရာ လယ်ကွက်တွေလည်း မရှိတော့ဘူး။ အားလုံးကို ထားခဲ့ရတယ်။ အဲတော့ ၀င်ငွေ လုံးလုံးမရှိတော့ဘူး။ ရောက်တဲ့ ရွာမှာပဲ လယ်ကူလီ လုပ်စားပြီး ရပ်တည်ရတယ်။ရေရှည် မရပ်တည်နိုင်ကြဘူး ” ဟု ရွှေဘုံသာ ပျူစောထီးရွာမှ ထွက်လာသော အမျိုးသမီးတစ်ဦးက ပြောသည်။
ပေါက် ပအဖ အနေဖြင့် အမြဲ တမ်းစစ်ရှောင်များ စား၀တ်နေရေး အဆင်ပြေစေရေးအတွက် အလုပ်အကိုင်များ ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
ပေါက်မြို့နယ် အတွင်း၌ ကပစ ၂၄ အနီးရှိ ကျေးရွာ ခြောက်ရွာမှာ စစ်တပ်လွှမ်းမိုးထားသည့် ရွာများဖြစ်ပြီး ပျူစောထီး ကျေးရွာလည်း ၁၁ ရွာ ရှိကာ ပျူစောထီးများမှာ ရိက္ခာပြတ်တိုင်း ၎င်းတို့အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ၀င်ရောက် လုယက်လျက်ရှိသည်။