စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ နေရပ်စွန့်ခွာစစ်ရှောင်စခန်းတစ်ခုတွင် မိုးတွင်းကာလအတွက် ရိက္ခာအခက်အခဲများရှိနေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။
၂၀၂၂ ခုနှစ်၊ နှစ်စပိုင်းမှစ၍ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်သို့ နေရပ်စွန့်ခွာရွေ့ပြောင်းလာကြသော ပြည်သူများနှင့် အဆိုပါစစ်ရှောင်စခန်းကို ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စုစုပေါင်း အိမ်ထောင်စု ၅၇ စု ၊ လူဦးရေ ၂၀၀ ခန့် နေထိုင်ကြကြောင်း ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒီပြည်သူတွေကကျတော့ စစ်ကောင်စီအခြေစိုက်စခန်းတွေနဲ့လည်းနီးတယ်၊ နောက်ပိုင်း ပျုရွာတွေဖြစ်ကုန်တော့ နေရပ်စွန့်ခွာလာကြတာပါ။ အစက အိမ်ထောင်စု ၁၀၀ လောက်ရှိတယ်။ နောက်ကျတော့ ဆွေမျိုးသားချင်းတွေဆီပြောင်းသွားကြတဲ့သူတွေလည်းရှိတယ်။ ခုလက်ရှိမှာ ဒီစစ်ရှောင်စခန်းကတော့ အလှူရှင်တွေကိုပဲ အားကိုးပြီးရပ်တည်နေရတာပါ” ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
အဆိုပါစစ်ရှောင်စခန်းသည် လမ်းပန်းဆက်သွယ်ခက်ခဲပြီး တောင်ပေါ်ဒေသတွင် တည်ရှိသောကြောင့် မိုးရာသီတွင်အလှူရှင်များ အရောက်နည်းပြီး ယင်းကာလအတွက် ဆန်တင်း ၅၀၀ ၊ ကာလတန်ဖိုးသိန်း ၂၅၀ ခန့် လိုအပ်ချက်ရှိနေကြောင်း အညာပစ်တိုင်းထောင်လေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ ဒီစခန်းမှာက တစ်လကို ဆန်တင်း ၁၀၀ လောက်ကုန်တယ်။ အခုက ဆန်တစ်တင်းကို ငါးသောင်းရှိတယ်။ လောလောဆယ်တော့ တစ်လစာ ဆန်တင်း ၁၀၀ လှူဒါန်းပေးထားတယ်။ သွားလှူတဲ့အချိန်မှာလည်း လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲခဲ့ပါတယ် ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဆန်တင်း ၁၀၀ လှူဒါန်းနိုင်ရန် အညာပစ်တိုင်းထောင်များအဖွဲ့အနေဖြင့် ပြည်သူမှပြည်သူသို့ ထမင်းတစ်နပ်အစီအစဉ်မှ ပိုငွေဖြင့် ငွေကြေးစုဆောင်းခဲ့ရပြီး ဆန်အိတ်များကိုလည်း တောင်ခြေရှိကျေးရွာများမှ ဆန်များစုဆောင်းဝယ်ယူခဲ့ရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ယင်းစစ်ရှောင်စခန်းသည် တောင်ကျရေကိုသာ အားပြုရသည့်စခန်းဖြစ်နေပြီး ရေတွင်းတူးဖော်ရန်အဆင်မပြေသောကြောင့် သောက်သုံးရေအခက်အခဲလည်းရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။
“ တောင်ပေါ်ဆိုတော့ ဆင်တွေအသွားအလာရှိတယ်။ ဆင်တွေက မစင်စွန့်လိုက်တဲ့ဟာကနေ ဆင်ဝဲတွေပေါက်ကျတယ်။ ယားနာတွေပေါ့နော်။ ပြီးတော့ တောင်ပေါ်က ကျောက်သားဆိုတော့ ရေတွင်းလည်းတူးမရတော့ အခုနွေရာသီမှာ သောက်သုံးရေအခက်အခဲတွေ ရှိခဲ့တယ် ” ဟု ၎င်းကဆိုသည်။
ယင်းစစ်ရှောင်စခန်းအတွက် ရိက္ခာဖူလုံရန် တနိုင်တပိုင်မွေးမြူရေးလုပ်ငန်များ ၊ တောင်ယာ စိုက်ပျိုးရေးများ လုပ်ဆောင်ရန် ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးထားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူ သုံးသန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။