ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လုံကန်အုပ်စုစစ်ဘေးရှောင်များအတွက် ကမ္ဘာကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ပေးပို့သောဆန်အိတ်များကို နမ့်ပန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူထားပြီး တစ်ပတ်ကြာသည်အထိ ပြန်မပေးသေးကြောင်း အင်းလေးလူထုလှုပ်ရှားမှုနှင့်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ခြမ်း၊ စံကားဒေသ လုံကန်အုပ်စုကျေးရွာ စစ်ဘေးရှောင်များအတွက် WFP မှပေးပို့သော ဆန်အိတ် (၄၁၆) အိတ်သိမ်းဆည်းခံထားရခြင်းဖြစ်ကြောင်း အင်းလေးလူထုလှုပ်ရှားမှု တာ၀န်ရှိသူတစ်ဦးကဆိုသည်။
“ လုံကန်အုပ်စုလို့ပဲသိရတယ်၊ ဘယ်ရွာတွေအတွက်လဲတော့မပြောတတ်ဘူး။ ရွာတိုင်းလိုလိုတော့စစ်ရှောင်တွေရှိတယ်၊ လုံကန်အုပ်စုကလုံကန်၊ ပအိုဝ်းရွာ၊ ဟဲဆပ်၊ နန်းဟူးထီးကာ၊ သရက်အုပ်ရွာတို့ပါတယ်၊ စစ်ရှောင်လူဦးရေ ၄,၀၀၀ လောက်ရှိတယ်” ဟု ၎င်းက MPA ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နို၀င်ဘာ ၁၁ ရက်က ၁၁၁၁ စစ်ဆင်ရေးအဖြစ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ နမ့်မယ်ခုံ၊ နန်းဆန်းခန်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ပြီးနောက် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ပတ်လမ်းရှိ နန်းပန်ဂိတ်၊ မှော်ဘီဂိတ်နှင့် ထီရီးဂိတ်တို့တွင် စစ်ဆေးမှုများတင်းကျပ်ခဲ့ပြီး အချို့ပစ္စည်းများကိုယူဆောင်ခွင့်မပြုဘဲ သိမ်းဆည်းခဲ့ကြောင်း ဒေသခံများကဆိုသည်။
“ အဓိကကတော့ ဆန်တွေ၊ ဆေးဝါးတွေပါလာရင်သိမ်းတယ်၊ တချို့ကပိုက်ဆံပေးရင်တော့သယ်ရတယ်၊ အဓိက သူတို့စိတ်ပေါ်မူတည်တယ်၊ မထင်ရင်မထင်သလိုလုပ်တာ” ဟု အင်းလေးဒေသခံတစ်ဦးကရှင်းပြသည်။
လက်ရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ခြမ်း၊ စံကားဒေသရှိ လုံကန်ကျေးရွာအုပ်စု၌ စစ်ဘေးရှောင်များအနေဖြင့်လည်း စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်၊ မေ ၅ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စကစမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄၆၂ ကြိမ်နှင့်အထက်၊ လက်နက်ကြီးဖြင့် ၃,၁၇၈ ကြိမ်ဝန်းကျင် ပစ်ခတ်ခဲ့ပြီး အရပ်သား ၆၇ ဦးသေဆုံးပြီး ၈၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။