ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် စစ်မှုမထမ်းလို၍ မြို့မှတိမ်းရှောင်ရန်ပြင်ဆင်နေသည့် လူငယ်ငါးဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လူငယ်ငါးဦးကို မေ ၁၇ ရက်၊ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ခလရ ၁၈ တွင်ထားရှိကာ စစ်သင်တန်းတက်ရန်ပို့ထားသဖြင့် မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်ထားကြောင်း သိရသည်။
“ စစ်သားတွေအများကြီးဘဲ အိမ်ထဲထိဝင်ဖမ်းတာ ၊ရိုက်နှပ်ပြီး ခေါ်သွားကြတာ ကောင်လေးငါးယောက်လုံးကို ခေါ်သွားတာ၊ မင်းတို့လား စစ်မှုမထမ်းချင်လို့ ပြေးဖို့လုပ်တာ ပြောဆိုပြီးခေါ်သွားတာ” ဟု ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းရွာနေ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
အဖမ်းဆီးခံရသည့် လူငယ်ငါးဦးသည် စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ်များမဟုတ်သည့်အပြင်၊ ၎င်းတို့ငါးဦးအနက်တစ်ဦးသည် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသော်လည်း ခံဝန်ဖြင့်လွတ်မြောက်လာသူတစ်ဦး ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ကောင်လေးတွေက အသက်၂၃ နှစ်နဲ့ ၂၈ နှစ်ကြားဘဲရှိတာ၊ ဘယ်လိုတွေသတင်းရပြီး လာဖမ်းခေါ်တာလဲမပြောတက်ဘူး။ မိဘတွေရှေ့မှာတင်ရိုက်နှပ်တာတွေ တွေ့ရတော့စိတ်မကောင်းတာအမှန်ပဲ” ဟု အဖမ်းခံရသူနှင့် နီးစပ်သည့်အမျိုးသမီးက ဆိုသည်။
ဟင်္သာတမြို့တွင် စစ်မှုထမ်းရန် အမှတ်စဉ် (၂) အတွက် စာရင်းများစတင်ကောက်နေပြီဖြစ်ကြောင်း ပိတောက်ကုန်းကျေးရွာလူကြီးနှင့် နီးစပ်သည့်သူတစ်ဦးထံမှ သိရသည်။