ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကဇူးနှင့်ခါးရှီးတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မေ ၁၉ ရက်၊ ညပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခမရ ၃၂၁ ကို ဆက်လက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
မေ ၁၈ ရက်၊ နံနက် ၄ နာရီမှစ၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အောင်မြေ ၁ နှင့် ၂၊ ၉ မိုင်၊ အင်းလေး၊ ကဇူး၊ ဝထောင်ဘွမ်၊ ဗျင်ပိုကောင်၊ လုံဇက်ကောင်၊ ကဇူးနှင့် အင်လုံခကျေးရွာရှိ တပ်စခန်းများကို နှစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်လျက် ရှိသည်။
“ ကဇူးစခန်းက အင်အား ၂၀၀ လောက်ရှိတဲ့ စခန်းတစ်ခုပါ၊ မနေ့ညကတည်းက နယ်မြေရှင်းလင်းလိုက်ပြီ၊ လေယာဥ်ကတော့ ခဏတိုင်းကို ဗုံးလာကြဲတာပဲ။ စစ်ကောင်စီတပ်စခန်းတွေကတော့ သိပ်မကျန်တော့ဘူး၊ ခမရ ၃၂၁ ကို ဆက်တိုက်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
လက်ရှိတွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ဝိုင်းမော်မြို့နှင့် သုံးမိုင်ခန့်သာ ကွာဝေးသည့် ခါးရှီကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက်၊ တိုက်ပွဲမှာ ဝိုင်းမော်မြို့ဘက်သို့ ဦးတည်လာပြီဖြစ်ကြောင်း ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ မနေ့ည (မေ ၁၉ ရက်) ကလည်း ခပ်ချိုဆိပ်ကမ်းဘက်မှာ တိုက်ပွဲသံကြားရတယ်၊ ခပ်ချို၊ စန်းကားနဲ့ ဝိုင်းမော်မြို့ပေါ်က တချို့လည်း ရှောင်ကုန်ကြပြီ။ ဝိုင်းမော်နဲ့ မြစ်ကြီးနားက ဧရာဝတီမြစ်ပဲခြားတယ်၊ မြစ်ကြီးနားဘက်ကလည်း တအုန်းအုန်းနဲ့ပဲ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဂျက်လေယာဥ်နှင့် Y – 12 အမျိုးအစား ထောက်ပို့လေယာဥ်များအပါအဝင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ နမ့်ပေါင်လေတပ်စခန်းနှင့် ဝိုင်းမော်မြို့နယ်ရှိ ခမရ ၅၈ တပ်ရင်းတို့မှလည်း ဝိုင်းမော်မြို့လက်မလွှတ်ရရေးအတွက် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ စစ်ရေးအရှိန်မြှင့်တင်ခဲ့ရာ လက်ရှိအချိန်ထိ မြစ်ကြီးနား – ဗန်းမော်၊ ဝိုင်းမော် – လိုင်ဇာ၊ မံစီ၊ မိုးမောက်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘိုနှင့် အင်ဂျန်းယန်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။