အပူချိန်မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ဖျားနာမှုမြင့်တက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ကလေးတောင်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း Heat Stroke(အပူရှပ်) ခြင်းကြောင့် ငါးနှစ်အောက်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုဖျားနာမှု မြင့်မားလျက်ရှိကြောင်း People Healthcare Natwork-Kalay(PHN-Kalay)အဖွဲ့ရှိ Dr Josept က ဆိုသည်။
“ ဒီရက်ပိုင်းအတွင်းမှာ ကလေးငယ်ပိုင်းပြောရမှာပေါ့နော်၊ အသက်ငါးနှစ်အောက်လူနာများတယ်။ သက်ကြီးရွယ်အိုတွေလည်း အပူရှပ်ပြီးတော့လေ၊ heat stroke နဲ့လာတဲ့လူနာများတယ်။ ကလေးတွေထဲမှာတော့ မရှိဘူး။ လူကြီးပိုင်းထဲကတော့ တစ်ယောက်ပေါ့နော်၊ လာတုန်းကတော့ အပူရှပ်ပြီး အပူချိန်ပြင်းထန်၊ ကျတော်တို့ဆီရောက်တော့ အဖျား ၁၀၆ လောက်နဲ့ တစ်ယောက် အသက်ဆုံးရှုံးသွားတာတော့ရှိတယ်” ဟု ၎င်းက MPA ကိုပြောသည်။
ကလေးမြို့နယ်မြောက်ပိုင်းတွင်မူ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏စစ်ကြောင်းထိုးခြင်းကို ခံနေကြရသဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး အပူချိန်မြင့်မားလာမှုနှင့်အတူ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် ဖျားနာရောဂါများခံစားနေရကြောင်း သိရသည်။
“ ရာသီဥတုကြောင့် ဖျားနာမှုအပြင် အမိုးအကာမလုံလောက်တာ၊ သောက်ရေသုံးရေ မသန့်ရှင်းတာ။ အခြားရိက္ခာလိုအပ်ချက်တွေလည်း ရှိပါတယ်” ဟု Mobile Medical Team(MMT West Division)မှ ဒေါ်ရတီအုန်းက ရှင်းပြသည်။
ထို့ပြင်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို ခုခံနေကြရသော ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရာသီဥတုဒဏ်နှင့် ရိက္ခာပြတ်လပ်ခြင်းများကို ကြုံတွေ့နေကြရပြီး အားအင်ကုန်ခမ်းခြင်းနှင့်ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ ရာသီဥတုကတော့ ရုတ်တရက်နေတအားပူလိုက်၊ ရုတ်တရက် မိုးအုံ့၊ မိုးရွာလိုက်အစ်ကိုရေ။ ရာသီဥတုကလည်း ဖောက်ပြန်နေတော့ ရဲဘော်တွေအနေနဲ့လည်း အဟာရမလုံလောက်တာ၊ဖျားနာတာတွေရှိတယ်ဗျ။ ဒါပေမဲ့အတတ်နိုင်ဆုံးတော့ ခုခံကာကွယ်နေဆဲပါ” ဟု ကလေးမြောက်ပိုင်းဒေသခံရဲဘော်တစ်ဦးက ဆိုသည်။
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက ဧပြီ ၅ ရက်မှစ၍ စစ်ကြောင်းထိုးတိုက်ခိုက်လျက်ရှိပြီး မြောက်ပိုင်းရှိ ကျေးရွာရှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံသောင်းနဲ့ချီ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
ထိုသို့တိုက်ပွဲအခြေအနေများကြောင့် လမ်းကြောများပိတ်ဆို့နေပြီး ဆေးဝါးဝယ်ယူရေးနှင့် သယ်ယူရေးတို့တွင်လည်း ခက်ခဲစွာလုပ်ဆောင်နေကြရကြောင်း သိရသည်။
“ အဓိက ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်နဲ့ နှစ်နှစ်အောက်ကလေးတွေပေါ့နော်၊ အဲ့ဒါတွေအတွက်က အရေးကြီးအကူအညီတွေလိုအပ်နေပါတယ်။ ပြီးရင် တစ်နှစ်အောက်ကလေးတွေ ကာကွယ်ဆေးထိုးဖို့အတွက် ဆရာမတို့ကြိုးပမ်းနေတယ်။ အဲ့ဒီအတွက်လည်း အကူအညီတွေ လိုအပ်နေပါသေးတယ်” ဟု ဒေါ်ရတီအုန်းက ဆက်လက်ပြောသည်။
ကလေးမြို့နယ်သည် အပူချိန်မြင့်မားသည့်မြို့နယ်ဖြစ်သည့်အလျောက် ဒေသခံပြည်သူများအနေဖြင့် အချိန်ကိုရွေးချယ်၍အလုပ်လုပ်ကြရန်၊ နေပူချိန်ပြင်းသည့်အချိန်တွင် အလုပ်မလုပ်ဘဲအနားယူကြရန်၊ ရေဓာတ်ပြန်လည်ဖြည့်တင်းရန်နှင့် ဓာတ်ဆားရေများသောက်သုံးရန်လိုအပ်ကြောင်း Dr Josept က အကြံပြုသည်။