ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိုသို့တိုက်ခိုက်ခံရမှုအတွင်း အရပ်သားခုနှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီလေတပ်က မေ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရွာနားမှာတိုက်ပွဲဖြစ်နေတော့ ရွာထဲကိုပါကြဲချတာ၊ ပွဲချင်းပြီးက လေးဦးလို့သိတယ်၊ ကျန်တဲ့သူတွေက ဒဏ်ရာရလို့ဆေးရုံပို့ရင်း လမ်းမှာဆုံးတာ၊ လမ်းတွေပိတ်ထားတော့ ရေကြောင်းကနေသွားရတော့လမ်းကပိုကြာနေတာ” ဟု အဆိုပါအခြေအနေများကိုသိရှိသူသံတွဲဒေသခံတစ်ဦးက MPA ကိုပြောသည်။
ပြီးခဲ့သည့် မေ ၁၅ ရက်မှစတင်ကာ အဆိုပါ ဒေသတဝိုက်တွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေ ၁၄ ရက်ကလည်း သီးလင်းကျေးရွာကိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးမှုလည်းရှိခဲ့သည်။
ထို့ပြင် အဆိုပါတိုက်ပွဲများကြောင့် သံတွဲမြို့နယ်အတွင်း လျှပ်စစ်မီးနှင့်ဖုန်းလိုင်းများလည်းပြတ်တောက်လျက်ရှိနေကြောင်းသိရသည်။
“ အမတို့ဖက်မှာက မိုင်တဲလ် (mytel) တစ်ခုပဲရတော့တယ်။ သံတွဲမှာဖုန်းလိုင်းရော အင်တာနက်ရော၊ မီးပါပြတ်သွားပြီမရတော့ဘူး” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ ဧပြီ ၄ ရက်ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တစ်ကျော့ပြန်တိုက်ပွဲ ငါးလတာအတွင်း အရပ်သား ၁၇၉ ဦးအထိသေဆုံးခဲ့ကာ ယနေ့အထိသေဆုံးမှုများ ထပ်မံမြင့်တက်လာနေဆဲဖြစ်သည်။