ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးသည် မေ ၁၈ ရက်၊ ညနေပိုင်းက မုန်းချောင်းအတွင်းသို့ ရေခပ်ဆင်းလာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရေခပ်ဆင်းလာသည့် အမျိုးသမီးနှစ်ဦးမှာ ညီအစ်မတော်စပ်ပြီး မြေမြှုပ်မိုင်းကို အစ်မဖြစ်သူ မစန်းစန်းဦးက နင်းမိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“ရှေ့ကသွားတဲ့ တစ်ယောက်က နင်းမိတာ၊ ခြေထောက် နှစ်ဖက်စလုံးဒူးအောက်က ပြတ်သွားတယ်၊ နောက်ကတစ်ယောက်နည်းနည်းဝေးတော့ အစအနလောက်ပဲထိတာ၊ နှစ်ယောက်စလုံးကိုပရဟိတကားနဲ့လာခေါ်သွားတယ်၊ ဖြူးမြို့ဆေးရုံတင်ထားတယ်ဟု” ဒေသခံတစ်ဦးက MPA ကိုပြောသည်။
မိုင်းနင်းမိခဲ့သည့် အမျိုးသမီး၏မိသားစုသည် ယခင်က စစ်ဘေးရှောင်နေရသူများဖြစ်ပြီး စားဝတ်နေရေးအခက်အခဲများကြောင့် ပြီးခဲ့သည့် ဧပြီလအတွင်းက မုန်းမြို့သို့ပြန်လည်ရောက်ရှိလာကာ ဥယျာဉ်ခြံတစ်ခုအတွင်း တဲထိုးနေထိုင်ကြသူများဖြစ်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“အခုဖြစ်တဲ့နေရာက သူတို့တဲနဲ့လည်းနီးတယ်၊ ခါတိုင်းလည်း အဲဒီနေရာက ရေဆင်းခပ်လိုက်၊ သွားလိုက်၊ လာလိုက်လုပ်နေကြတာ လမ်းတောင်ဖြစ်နေပြီ၊ ဘယ်သူမှ ဘာမှမဖြစ်ဘူး၊ ခုမှ ဘယ်လိုလုပ်နင်းမိပြီး ထပေါက်လည်းမသိဘူး၊ ကောင်မလေးမှာနှစ်နှစ်အရွယ်ကလေးတစ်ယောက်ရှိတယ်၊ စီးပွားရေးလည်းအဆင်မပြေကြဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိ ခြေထောက်နှစ်ဖက်ဆုံးရှုံးသွားသည့် အမျိုးသမီးကို ဖြူးမြို့ဆေးရုံမှ တောင်ငူဆေးရုံသို့လွှဲပြောင်းကုသနေပြီး သွေထွက်လွန်နေခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆက်လက်ပြောသည်။
မုန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာပထမပတ်အတွင်းမှစတင်ပြီး တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်သားများ တိုက်ပွဲပြင်းထန်ခဲ့သဖြင့် ပြည်သူအများအပြားစစ်ရှောင်ခဲ့ရပြီး မုန်းမြို့မဈေးကြီးလည်း မီးလောင်ဆုံးရှုံးခဲ့ရသည်။

