တော်လှန်ရေးနယ်မြေတစ်နေရာရှိ ဒေသခံပြည်သူများနှင့် ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းဖော်ဆောင်ထားသည့် မြေပြင်အခြေပြုစာသင်ကျောင်းတစ်ခုကို ယခုလာမည့်ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်မည်ဖြစ်ကြောင်း ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ကလေးများပညာရေးတွင် အဆက်မပြတ်စေရန် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ရခြင်းဖြစ်ပြီး မေလအတွင်း ကျောင်းအပ်လက်ခံမည်ဖြစ်ကာ ဇွန်လတွင်ကျောင်းဖွင့်လှစ်သွားမည်ဟု အထက်ပါသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ဒေသခံပြည်သူတွေကလည်း သူတို့ သား၊ သမီးတွေကိုသူတို့အနားမှာပဲရှိစေချင်တယ်၊ အနီးနားမှာဆိုတော့ စိတ်ချကြတယ်။ ကျောင်းမှာကတော့ မည်သည့် ကျောင်းသား၊ ကျောင်းသူမဆိုတက်လို့ရပါတယ်၊ လူမျိုး၊ အသားအရောင်အပြင် တခြားသောခွဲခြားဆက်ဆံမှုတွေမရှိပါဘူး” ဟုကျောင်းသားများသမဂ္ဂ၊ ရေနံချောင်းတက္ကသိုလ်ဥက္ကဌ နိုင်ခွန်အားက MPA ကိုပြောသည်။
မူလတန်းအဆင့်ကို ၂၀၂၂ /၂၀၂၃ ပညာသင်နှစ်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချိန်က ကျောင်းတွင် ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း (၂၁၀) ဦးကျော်ရှိကြောင်း သိရသည်။
ကျောင်းတည်ဆောက်ရေးတွင်ပါဝင်နေသူ တစ်ဦးကလည်း “ဒီကျောင်းလေးကို တက္ကသိုလ်ကျောင်းသား CDM တွေနဲ့စပြီးအကောင်အထည်ဖော်ခဲ့တာပါ။ ခုနောက်ပိုင်းမှာ ဒေသခံ CDM ကျောင်းသားတွေ၊ CDM ဆရာမတွေရယ်၊ ကာကွယ်တပ်ဖွဲ့ထဲက ရဲဘော်တွေထဲကနေ စာသင်ပေးနိုင်မယ့်သူတွေကို စနစ်တကျစုဖွဲ့ပြီး ကလေးတွေပညာရေး အဆက်မပြတ်စေရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါကျောင်းအတွက် ဆရာ၊ ဆရာမအင်အားအပြင် အဓိကစိန်ခေါ်မှုအနေဖြင့် သင်ထောက်ကူပစ္စည်းနှင့် ပြဋ္ဌာန်းစာအုပ်လုံလောက်မှုမရှိခြင်း ကလေးများကျန်းမာရေးအတွက် ဆေးပစ္စည်းလိုအပ်ချက်များစွာလည်းရှိနေသည့်အတွက် အနာဂတ်မျိုးဆက်များ ပညာရေးအဆက်မပြတ်စေရန် အားလုံးဝိုင်းဝန်းပံ့ပိုးကူညီပေးစေလိုကြောင်း ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေတ္တာရပ်ခံထားသည်။