မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေ ဆုံးကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
မြိုင်မြို့၊အမှတ်သုံးရပ်ကွက်အတွင်းရှိ ဒေသအခေါ် အောင်ဇော်မိုးဂိတ်ကို မေလ၁၇ရက်၊ညနေငါးနာရီ ခန့်က လက်နက်ကြီး၊လက်နက်ငယ်နှင့်ဒရုန်းတို့ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီဂိတ်က အရင်ကိုးဆောင်ဂိတ်မှာ နေတဲ့သူတွေပါ။ ကျတော်တို့ ကိုးဆောင်ဂိတ်ကို တိုက်ခိုက် တော့ အခုနေရာမှာ ပြောင်းပြီး ဂိတ်ချထားတာ” ဟု မြိုင် ပကဖ၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော်သုတက MPAသို့ ပြောသည်။
ယင်းဂိတ်တွင် စစ်သားအင်အား ၁၀ဦးခန့်ရှိပြီး စစ်သား သုံးဦး သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ခြင်း ဖြစ်ကာ သေဆုံးစစ်သားတို့၏ သေနတ်ကို ဝင်ကောက်သော PDFရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ သုံးယောက် သေတယ်။ကျတော်တို့ ရဲဘော်တွေ သေနတ် ၀င်ကောက်ချိန်မှာ ရဲဘော်တစ်ယောက် ဒဏ်ရာရတော့ ပြန်ဆုတ်လာရတယ်။အသက်အန္တရာယ်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
မြိုင် ပကဖ သည် ယခုတိုက်ခိုက်သော အောင်ဇော်မိုးဂိတ်အပြင် မြိုင်မြို့ပေါ် စစ်ရေးပစ်မှတ်များဖြစ်သည့် မန္တလေးဂိတ်၊ လ၀ကရုံးနှင့်ကိုးဆောင် ဂိတ်တို့ကို ၂၀၂၄ခုနှစ်အတွင်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ အခုလို ပွဲကြီးမျိုးမဟုတ်ဘဲ ခြောက်လှန့်တဲ့သဘောမျိုးကတော့ အခု မေလထဲတင်ကို ငါးကြိမ် အထက် ရှိပါတယ်” ဟု ရဲဘော်သုတက ပြောသည်။
မြိုင်မြို့ပေါ်၌ ပြည်သူအများစုမှာ နေရပ်စွန့် ထွက်ခွာသွားကြပြီဖြစ်ပြီး လက်ရှိ ကျန်ရှိနေသူ အနည်းငယ်မှာ စစ်ကောင်စီနှင့် ပတ်သက်နေသူများနှင့် ကြားနေသမားများ ဖြစ်ကြောင်း သိရသည်။
“ မြို့ပေါ်မှာက သူတို့( စစ်အုပ်စု ) နဲ့ ပတ်သက်တဲ့သူ များတယ်။ဒါပေမဲ့ ကျန်တဲ့ပြည်သူတွေကလည်း ဟိုလိုလို ဒီလိုလို ဖြစ်နေတော့ ခက်တယ်။ ပြည်သူတွေအတွက်ဆို ငဲ့နေရတော့ ရိက္ခာလည်း လုံး၀ ဖြတ်မရတာပေါ့” ဟု မြိုင်မြို့နယ်အတွင်း ရှိ PDFရဲဘော်တစ်ဦး ကပြောသည်။
မြိုင် မြို့ပေါ်၌ ဂိတ် ၈ ဂိတ် ၊ ရဲစခန်း၊စာသင်ကျောင်းနှင့် ထွေအုပ်ရုံးတို့၌ တပ်စွဲထားသော စစ်သား ၊ရဲနှင့် ပျူစောထီး အင်အား ၁၅၀ ခန့် ရှိကြောင်းသိရသည်။
မေလ၁၇ရက် တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း တစ်၊တပ်ရင်းတစ် တပ်ခွဲ သုံး၊ ဗိုလ်မိုက်ခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ GOE ပြောက်ကျားတပ်ဖွဲ့၊ လရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဗိုလ်ထိရှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ကြောင်းသိရသည်။