ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများနေသည့်အပြင် မီးလာပါကလည်း မီးအားနည်းနေသဖြင့် ရေတင်ရန်ပင် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၄ရက်မှစတင်ကာ ရန်ကုန်မြို့အတွင်း မီးလာမှုသည် တစ်ရက်လျှင် ၂နာရီခန့်သာရှိကြောင်း ကြည့်မြင်တိုင်မြို့နေ အမျိုးသားတစ်ဦးကပြောသည်။
“ မီးက မေ ၁၄ရက်နေ့ကတည်းကနေ အခုထိ အလှည့်ကျပုံစံနဲ့ကိုမလာတော့ဘူး။ တစ်နေကုန်မှ ၂နာရီလောက်ပဲလာတယ်။ လာတဲ့ ၂နာရီအတွင်းမှာလဲ ငါးမိနစ်ခြားတစ်ခါပြတ်နေတာ၊ အဲ့ဒီထက်ဆိုးတာက မီးအားအရမ်းနည်းနေတာ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ၌ မီးအားသည် ၂၂၀ဗို့ဖြစ်သော်လည်း နေအိမ်များသို့ အမှန်တကယ် ရောက်ရှိသည့် လျှပ်စစ်ဝန်အားသည် ၁၀၀ဗို့ခန့်သာရှိသဖြင့် ရေတင်၍မရခြင်း၊ ထမင်းဟင်း ချက်ပြုတ်၍မရခြင်းများ ဖြစ်ပေါ်နေသည့်အပြင် မီးအားအတက်အကျမမှန်မှုများကြောင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ ပျက်စီးမှုများပင်ကြုံတွေ့နေရသည်ဟု ၎င်းက ရှင်းပြသည်။
“ မီးက A၊ B၊ C သုံးလိုင်းခွဲပြီး အလှည့်ကျနဲ့ပေးတာ ဒီနေ့(မေ ၁၈ရက်) မနက် ၉နာရီကနေ မွန်းလွဲ ၁နာရီအထိ လာရမှာ ကိုမလာဘူး။ မနေ့က(မေ ၁၇ရက်) ည ၇နာရီလောက် ခဏလေးလာတယ်။ မီးလာလို့ရေတင်တာ ငါးမိနစ်တောင်မကြာဘူး။ မီးအားက နည်းရင်အရမ်းနည်းပြီးတော့ မီးအားစောင့်တက်တဲ့အခါ ရေမော်တာတွေပါ လောင်သွားတယ်” ဟု မရမ်းကုန်းမြို့နေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအများအပြား ရှိရာ ရန်ကုန်မြို့သည် ဓာတ်အား လုံလောက်စွာ မရရှိခြင်း၊ စက်သုံးဆီစျေးများ.မြင့်တက်နေခြင်းတို့ကြောင့် အထည်ချုပ်လုပ်ငန်းကဲ့သို့ အကြီးစား စက်မှုလုပ်ငန်းများ ၊ ရေခဲချောင်း စက်ရုံနှင့် မိတ္တူဆိုင် စသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာမှစတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် နွေရာသီကာလတွင် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အား စုံစမ်းကြည့်ရာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (ယခင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန) ၏ ညွှန်ကြားမှုအတိုင်း မီးပေးနေရခြင်းဖြစ်သည်ဟု ဝန်ထမ်းတစ်ဦးက ပြောကြားထားသည်။