ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ရှစ်ခုကို တစ်ရက်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက ၂၀၂၄ခုနှစ်၊ မေ ၁၈ရက်၊ ညပိုင်း၌ ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်၊ နံနက် ၄ နာရီမှစ၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွှေညောင်ပင်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၂၁ အပါအဝင် မြစ်ကြီးနား – ဝိုင်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တပ်စခန်း ၁၀ခုအနက် KIA က သိမ်းပိုက်နိုင်ခဲ့သည့် စခန်း ရှစ်ခုသည် ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ ၏ ပွိုင့်ကုန်း၊ အောင်မြေ ၁၊ အောင်မြေ ၂၊ ၉ မိုင်၊ အင်းလေး၊ အင်လုံခကျေးရွာနှင့် ဝထောင်ဘွမ်တပ်စခန်းများ ဖြစ်သည်။
“ ဝိုင်းမော်ထဲက နေရာတွေမှာ တိုက်ပွဲဖြစ်နေတာ၊ အခု သိမ်းလိုက်တဲ့ စခန်းတွေကလည်း စစ်ကောင်စီရဲ့ အရေးကြီးအရေးပါတဲ့ စခန်းတွေပါ၊ လေယာဥ်တွေနဲ့လည်း ဗုံးလာကြဲတာပဲ၊ အောင်မြေ ၁ ၊ ၂ နဲ့ အင်းလေးရွာက စခန်းတွေကတော့ မနက်ကတည်းက သိမ်းနိုင်တာ” ဟု KIA နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ရွှေညောင်ပင်၊ အောင်မြေ ၁နှင့် ၂၊ ကဇူး၊ ဒဘက်၊ ဂါးရားယန်၊ အင်းလေးနှင့် ခါးရှိကျေးရွာများမှ ဒေသခံပြည်သူများမှ နီးစပ်ရာ တောတောင်များတွင် ပုန်းခိုနေကြပြီး၊ ပိတ်မိနေသူများလည်း ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
“ မြစ်ကြီးနားကလည်း ဝိုင်းမော်ဘက်ကို လက်နက်ကြီးတွေ ပစ်တယ်။ လေယာဥ်ကတော့ မနက်ကနေ ညအထိပဲ၊ ကဇူးဘက်ကိုလည်း ညက လေယာဥ်ဗုံးကြဲတယ်။ အိမ်တွေ ထိခိုက်တာလည်း ရှိပေမဲ့ အသေအချာမသိရသေးဘူး” ဟု ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ မေ ၁၈ ရက်၊ ည ၈ နာရီခန့်မှစ၍ မြစ်ကြီးနားမြို့ပေါ်ရှိ ပမ္မတီး၊ စီတာပူ၊ မြို့သစ်ကြီး၊ လယ်ကုန်း၊ ဘုမ္မောနှင့် ခေမာသီရိရပ်ကွက်များတွင်လည်း သေနတ်ပစ်ဖောက်သံများ ထွက်ပေါ်ခဲ့ကြောင်း ပမ္မတီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၉ ရက်တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး၊ ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်။