ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဟိုက်တောင်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှ ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၈ရက်၊ နံနက် ၃နာရီခန့်တွင် ဟိုက်တောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ခဲ့သည်ကို သိရှိရခြင်းမရှိသေးပေ။
“ အိမ်က နှစ်ထပ်အိမ်၊ မြေးအဘွား သုံးယောက်က အပေါ်မှာ အိပ်နေတာ၊ အောက်ထပ်မှာ အိပ်နေတဲ့ သေဆုံးသွားတဲ့ အဖွားရဲ့ ယောင်းမက လှမ်းခေါ်တယ်။ သူတို့မကြားလိုက်တာနေမယ်” ဟု ဟိုက်တောင်ကျေးရွာ ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် သေဆုံးခဲ့သူများသည် အသက် ငါးနှစ်အရွယ် မောင်ကကျိုး၊ အသက်လေးနှစ်အရွယ် မောင်ဇွဲထက်ညီညီအောင်နှင့် အသက် ၆၀အရွယ် ဒေါ်အေးမွန်တို့ဖြစ်သည်။
အဆိုပါ မီးလောင်ခဲ့သည့် အိမ်တွင် မိသားစုဝင် ငါးဦးနေထိုင်ပြီး အိမ်အောက်ထပ်၌ နေသည့် နှစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ရာသီဥတုက ပုံမှန်မဟုတ်တော့ သတိထားရမယ်။ တစ်ခါတစ်လေ မိုးမပါ လေတိုက်တာ၊ မိုးကြီးတာ၊ နေအရမ်းပူတာ ဖြစ်နေတော့ အခုတစ်လော မီးလောင်မှု မကြာခဏဖြစ်တယ်” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေ ၅ရက်လည်း နမ့်ဆန်မြို့နယ်၊ အုမ်းတတ်ကျေးရွာတွင် နေအိမ် သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၃၀အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။