မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ နှင်းဆီအိမ်ရာဝန်းတွင် ရေလှောင်ကန်ပေါ် တွင် ရေတက်ချိုးသည့် အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေလ(၁၈)ရက်၊ နေ့လယ် ၁၂နာရီခန့်တွင် မြေအောက်ရေသိုလှောင်ကန်ပေါ် သို့ သားအမိနှစ်ဦး ရေချိုးရာမှ သမီးဖြစ်သူသည် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကူညီခဲ့သည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သေဆုံးသွားတဲ့ မိန်းကလေးက အခုမှ အသက် ၁၄နှစ်ပဲ ရှိပါသေးတယ်။ ရေလှောင်ကန်ပေါ် ရေတက်ချိုးရင်းကနေ ဓာတ်လိုက်ပြီး သေဆုံးသွားတာ၊ ဓာတ်လိုက်တဲ့အချိန် ရေလှောင်ကန်ထဲကို ပြုတ်ကျသွားတယ်။ ရေထဲကနေ ပြန်ဆယ်ပြီးအချိန်မှာ အသက်မရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။
ဖြစ်စဉ်သည် မြေအောက်ရေလှောင်ကန်ထဲသို့ ရေမော်တာသွယ်တန်းထားသည့် လျှပ်စစ်ကြိုးမှ လျှော့ဖြစ်ကာ ဓာတ်လိုက်ပြီး ရေလှောင်ကန်ထဲသို့ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
“ လျှပ်စစ်ကြိုး တပ်ဆင်ထားတဲ့သူတွေကလည်း ပေါ့ဆတာလည်း ပါတာပေါ့၊ ဒီလောက် မီးပျက်နေတဲ့ကြားက မီးလာတဲ့အချိန်မှဖြစ်သွားတာကတော့ စိတ်မကောင်းစရာပါဘဲ” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်အနက် သမီးဖြစ်သူသာ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးခဲ့သည့် အမျိုးသမီးကိုလည်း မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။