ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မရဲစခန်းတွင် စစ်တပ်သတင်းပေးအမျိုးသမီးတစ်ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူ ငါးဦးအနက် အမျိုးသားတစ်ဦးသည် နှိပ်စက်ရိုက်နှက်ခံရကာ၊ ဆေးကုသခွင့်မရရှိသောကြောင့် ယင်းဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၂ရက်၊ ညပိုင်းတွင် ပေါင်းတလည်မြို့ပေါ်ရှိ ပြည်သူ ငါးဦးကို စစ်တပ်နှင့်ရဲတို့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးသည် အသက် ၃၀အရွယ် ကိုအောင်ကိုဦးဖြစ်ပြီး မေ ၁၆ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သည် ပြည်သူတစ်ဦးက ပြောသည်။
“ ပေါင်းတလည်က ဒလန်အမျိုးသမီးတစ်ယောက် ပစ်သတ်ခံရတယ်။ အဲ့ဒါနဲ့ပက်သက်ပြီး သံသယရှိသူ ငါးဦးကို ဖမ်းဆီးခဲ့တာပါ၊ ဖမ်းဆီးပြီးတဲ့နောက် ပေါင်းတလည်မြို့မရဲစခန်းမှာချုပ်ထားပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က စစ်ကြောရေးလုပ်ရင်း ရိုက်နှက်စစ်ဆေးတာကို ဆေးကုခွင့်မရတော့ ဆုံးတာပါ၊ ဘယ်နေ့ထဲက သေသွားလည်းမသိရဘူး။ သေတဲ့သတင်းကိုတော့ ၁၆ရက်နေ့မှာ သိရတယ်” ဟု ၎င်းက ပြောသည်။
နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားသည့် ကိုအောင်ကိုဦး၏အလောင်းကို မိသားစုထံသို့ ပြန်ပို့ခြင်းမရှိဘဲ တိတ်တဆိတ်သင်္ဂြိုဟ်ခဲ့ကြောင်း ၊ ကျန်ဖမ်းဆီးခံထားရသည့် ပြည်သူ လေးဦးအနက် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“ ဆက်ပြီးဖမ်းခံထားရတဲ့နှစ်ယောက်မှာ အမျိုးသမီးတစ်ယောက်ကတော့ ပြည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ထဲကို ပို့ထားတယ်။ နောက်တစ်ယောက်ကတော့ ပေါင်းတလည်အချုပ်ထဲမှာဘဲ၊ နှစ်ယောက်လုံးကို စစ်ကြောရေးလုပ်နေကြတယ်။ အမှုက စစ်ဆေးဆဲဖြစ်လို့ ပုဒ်မတွေတော့ မတပ်ရသေးဘူး။ ပြီးတော့ ကိုအောင်ကိုဦးသေဆုံးတဲ့ကိစ္စကို မသေဘူးဆိုပြီး ဖုံးထားကြတာ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ပြည်သူများ စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ သေဆုံးမှုနှင့် ပက်သက်၍ ပြည်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ကျဉ်းဟောင်းတစ်ဦးက ” ရန်သူ စစ်အုပ်စုရဲ့ စစ်ကြောရေးမှာ ဒီလို ရက်စက်မှုတွေက ကြုံနေကြရတာ အာဏာသိမ်းခါစကတည်းကပါ၊ အခုချိန်ထိလည်း ကျူးလွန်နေတုန်းပဲ၊ ကျတော်တို့လုပ်ကြရမှာ အခုလို စစ်ကြောရေးမှာ ကျဆုံးသွားရတဲ့ပြည်သူတွေအတွက် တရားမျှတမှုကို ပြန်လည်ရှာဖွေဖို့အတွက် ဒီတော်လှန်ရေးကို အောင်မြင်အောင် ကြိုးစားကြဖို့ပါပဲ” ဟု ပြောသည်။
စစ်တပ် စတင်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ မေ ၁၇ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၅၀၉၈ ဦးအထိရှိနေပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။