စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အုံရွာမှ စစ်ဘေးရှောင် ၃၈ ဦးအနက် ၃၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
အုံရွာမှစစ်ဘေးရှောင် ၃၈ ဦးကို ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ဆုတ်ခွာသွားကြသော စစ်ကောင်စီတပ်သားများက ၂၀၂၄ခုနှစ်၊ မေလ ၁၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ၃၄ ဦးကို မေ ၁၈ရက်၊ ညပိုင်းတွင် တောတွင်းတစ်နေရာ၌ CDF (ကန်ပက်လက်) ရဲဘော်များက တွေ့ရှိကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ၃၄ယောက်ပြန်ရောက်လာတယ်။ ၃ယောက်ကိုတော့ ပြန်မလွှတ်သေးဘူး။ တစ်ယောက်ကတော့ အဆက်အသွယ်ပြတ်နေတယ်ပေါ့နော်၊ ဘယ်လိုဖြစ်မှန်းမသိရသေးဘူး။ သိရတာကတော့ သူတို့ကို စစ်ကောင်စီစစ်ကြောင်းက ဒီအတိုင်း တစ်နေရာရာမှာထားခဲ့တာကို စစ်ကြောင်းနောက်လိုက်တဲ့ CDFရဲဘော်တွေက တွေ့ပြီးတော့ အဲ့ဒီရွာကစစ်ရှောင်တွေနေတဲ့နေရာကို ပြန်ပို့ပေးတယ်လို့သိရပါတယ်” ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာတာဝန်ရှိသူတစ်ဦးက MPAကို ပြောသည်။
ကျင်ဒွေးမြို့ကို CDF (ကန်ပက်လက်)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ရက္ခိုင့်တပ်တော်(AA)၏ စစ်ရေးဦးဆောင်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်နေတုန်းပဲ၊ လေကြောင်းကလည်း နေ့တိုင်းလိုလိုလာနေတယ်ဗျ၊ စစ်တပ်ဘက်က အကျအဆုံးတွေရှိတယ်လို့သိရတယ်။ ဘယ်လောက်ဘယ်အခြေအနေရှိတယ်ဆိုတာတော့ ကျတော်တို့လည်းမသိရသေးဘူး။ ဆုတ်သွားတဲ့စစ်ကြောင်းကိုတော့ CDFဘက်က လိုက်လံတိုက်ထုတ်နေပါတယ်” ဟု CDF (ကန်ပက်လက်)နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေများကြောင်း ဒေသခံပြည်သူသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့စစ်ဘေးရှောင်နေကြရပြီး မကြာမီမိုးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံဆေးဝါးပစ္စည်းများအကူအညီ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။