စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် စျေးဝယ်ထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၇ ရက်၊ နံနက် ၆ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်းအနီး သီတဂူဘုန်းကြီးကျောင်းအတွင်း၌ တပ်စွဲနေထိုင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ စျေးဝယ်ရန် ထွက်လာစဥ် ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ အရင်ကတော့ သီတဂူကျောင်းဘေးမှာ ရဲစခန်းရှိတယ်။ အာဏာသိမ်းပြီးကတည်းက သီတဂူကျောင်းထဲမှာဘဲ နေတော့တာ၊ မနေ့က ထွက်လာတာလည်း ရဲတွေချည်းပဲ၊ ၁၀ မီတာ အကွာက ပစ်ခတ်တာပါ၊ အကုန်သေပါတယ်” ဟု ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူက MPA သို့ပြောသည်။
ထိုကဲ့သို့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အောင်ဇေယျ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲဌေးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး၊ G3 အမျိုးအစား ၃ လက်၊ M 16 တစ်လက်၊ အူဇီ တစ်လက်၊ HK တစ်လက်နှင့် 5.56 ကျည်အမျိုးအစား ၁၆၅ တောင့် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုနှင့် နဂါးညီနောင်အထူးတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ မုံရွာတစ်ဖက်ကမ်းက ရွှေတောင်ဦး၊ အောင်ဇေယျကုန်းတွေကနေ ဆင်းလာပြီး ယင်းမာပင်နယ်ထဲက ကားလမ်းဘေးက ရွာတွေကို စစ်ကြောင်းထိုးပြီး ဝင်တယ်။ စစ်ကောင်စီတပ်ဖွဲ့က သူတို့ လုံခြုံအောင် ဘုန်းကြီးကျောင်းတွေကို တပ်စွဲပြီးနေကြတာ၊ အခု သေကြတာလည်း စျေးဝယ်ထွက်လာရင်း အပစ်ခံရတာ” ဟု ယင်းမာပင်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်ဘက်သို့ စျေးဝယ်ထွက်လာသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။