ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို ရက္ခိုင့်တပ်တော်(AA)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၇ရက် ည ၉နာရီခန့်တွင် ဘူးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို AA က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)၏ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ပြောသည်။
“ ဒီနေ့(မေ ၁၇ရက်)၊ မနက် ၁၀ နာရီအတွင်း မြို့ပေါ်ကနေ ရိုဟင်ဂျာတွေအားလုံး ထွက်သွားဖို့ကို မနေ့က(မေ ၁၆ရက်) နှုတ်မိန့်နဲ့ အမိန့်ထုတ်တယ်။ သူတို့က(AA) အမိန့်အတိုင်း မစောင့်ဘဲ ည ၉ နာရီခွဲမှာ မြို့ထဲဝင်လာပြီး တစ်မြို့လုံး မီးရှို့လိုက်တာပါ၊ AAတပ်ဖွဲ့ဝင်တွေကတော့ မြို့အနှံ့မှာ အလံတွေဝှေ့ပြီး အောင်ပွဲခံနေပါတယ်။ စစ်တပ်ကို အနိုင်ရဖို့ မြို့ပေါ်မှာ စစ်တပ်မရှိဘူး။ သူတို့ကတော့ မြို့သိမ်းအောင်ပွဲခံတယ်လို့ ပြောကြတာပဲ၊ ဒါပေမဲ့ လူတစ်သိန်းခွဲလောက်ရှိတဲ့ အိမ်တွေအားလုံးကို မီးရှို့ပြီးမှ အောင်ပွဲခံတော့ အောင်ပွဲခံမှုက နှစ်မျိုး ဖြစ်နေတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ကိုနေဆန်းလွင်က ပြောသည်။
ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့သော်လည်း AAအနေဖြင့် မြို့တွင်းသို့ ၀င်ရောက်ကာ ရိုဟင်ဂျာဒုက္ခသည်တို့၏ နေအိမ်များအား မီးရှို့ခဲ့သဖြင့် သိန်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များမှာ လမ်းဘေးနေရာများနှင့် လယ်ကွင်းများတွင် နေထိုင်ရကြောင်း သိရသည်။
“ လမ်းပေါ်မှာ လယ်ကွင်းတွေမှာ အစားအသောက်ဘာမှမရှိဘဲ ဒီအတိုင်းပဲ နေနေရတယ်။ ရိုဟင်ဂျာတွေက နယ်မြေကန့်သတ်ချက်တွေနဲ့ နေရတဲ့အခါကျတော့ ရေရှည်ဆိုရင် အငတ်ဘးကြုံဖို့ပဲ ရှိပါတယ်” ဟု ကိုနေဆန်းလွင်က ထပ်လောင်း ပြောသည်။
ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ နေအိမ်များအား AAက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတို့၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ULA/AA၏ ပြောရေးဆွိုင့်ရှိသူ ဦးခိုင်သုခထံ MPAမှ အွန်လိုင်းမှ တစ်ဆင့်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။
“ AAက မီးရှို့တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်သူ့အိမ်ကိုမှ မီးရှို့ခဲ့တာလည်း မရှိဘူး။ အခုဆိုလည်း ရိုဟင်ဂျာတွေကို ကယ်တင်နေတာတွေလည်း ရှိနေတာပဲ၊ အတူယှဉ်တွဲနေထိုင်ဖို့ ULA/AAက လုပ်ဆောင်နေချိန်မှာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်က ပူပေါင်း လုပ်ဆောင်နေတာ” ဟု ရခိုင့်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
မောင်တော ဒေသခံတစ်ဦးကလည်း “ မီးလောင်နေတာကို မောင်တောကနေတောင် လှမ်းမြင်နေရတယ်။ ဘူးသီးတောင်ဘက်ကို ဆက်သွယ်ဖို့ကို မရဘူးဖြစ်နေတာ၊ အဲ့ဒီဘက်က လိုင်းတွေ ပြတ်နေတာ ကြာပြီ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောဆိုမှုများရှိပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။