ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်က တန်ပြန်ပစ်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်ပေါ်ကျရောက်ခဲ့မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်၊ နံနက် ရှစ်နာရီခန့်တွင် နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက်၊ စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ပမ္မတီးရပ်ကွက်မှ အရပ်သား ၂ ဦးသေဆုံး၍ ရပ်ကွက်နေ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
“ ရှစ်နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးပထမဆုံးအချက်ဖြစ်လောက်မယ်။ အိမ်နားက တစ်လမ်းကျော်မှာ ကျသွားတာ၊ အဲ့ဒီ အချက်ကျတုန်းက နှစ်ယောက်သေတယ်။ အခုကြားတာတော့ ဒဏ်ရာရတဲ့သူတွေက ဆေးခန်းသွားကြပြီ၊ ဘယ်နှစ်ယောက် ဒဏ်ရာရလဲဆိုတာ အတိအကျမသိဘူး” ဟု ဖြစ်စဥ်ကိုသိရှိသူ ပမ္မတီးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် နမ့်ပေါင်လေတပ်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်သံများနှင့် သေနတ်သံအချို့ကြားနေရသေးကြောင်း ပမ္မတီးရပ်ကွက်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“ မနက်ကထက်စာရင်တော့ အခု နေ့လယ်ပိုင်းမှာ ငြိမ်သလောက်တော့ ရှိသွားပြီ၊ တစ်ချက်တစ်ချက်တော့ကြားနေရတယ်။ ပမ္မတီး၊ ရှဒေါင်၊ မော်ဖောင်း အဲ့ရပ်ကွက်တွေက လေတပ်နဲ့ နီးတယ်။ ရွှေအိုက်ရပ်ကွက်ဘက်မှာလည်း သေဆုံးသူရှိတယ်ကြားပေမဲ့ အတိအကျမသိသေးဘူး” ဟု ၎င်းက ဆိုသည်။
နမ့်ပေါင်လေတပ်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် နမ့်ပေါင်လေတပ်စခန်းအနီးရှိ ပတ်ဝန်းကျင်နေရာများကို စစ်ဆေးရေးတင်းကျပ်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင်လည်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်း ၁၀ခုထက်မနည်းကို KIA က ၂၀၂၄ခုနှစ်၊ မေ ၁၈ရက်၊ နံနက် ၆နာရီခွဲမှစတင်၍ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ အင်အားဖြည့်တင်းလျက်ရှိသည်။