မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်သားနှင့်ပျူစောထီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ငွေတောင်းကြမ်းသည့် တင်းဂတ်ဂိတ်ကို မတ်လ၁၆ရက်၊ညနေ သုံးနာရီခန့်မှစတင်ကာ ဗုံးအလုံး ၂၀ ကြဲချခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖထံက သိရသည်။
“ ပုံမှန်အတိုင်း ဒရုန်းနဲ့ပဲ ဗုံးချ တိုက်ခိုက်ခဲ့တာပါ။ အစက ဒီလမ်းပိုင်းကို တိုက်ခိုက်ဖို့ မရှိပေမဲ့ အများပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျတာ များနေတော့ လုပ်လိုက်ရတာ” ဟု မြိုင်ပကဖ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော်သုတက MPAသို့ပြောသည်။
ယင်းစစ်ဆေးရေးဂိတ်တွင် စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၃၀ ကျော်ရှိပြီး လမ်းမနှစ်ဘက်၌ အခိုင်အမာဂိတ်ချကာ ပခုက္ကူ-ပေါက် လမ်းပိုင်းပေါ် သွားလာနေသော ခရီးသွားပြည်သူများနှင့် ကားသမားများထံမှ ငွေကြေး အလွန်အမင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
“ ငွေက အဆမတန်ကောက်တယ်၊ ကားကိုကြည့်ပြီး ၅၀,၀၀၀၊ ၁၀၀၀၀၀ အနည်းဆုံးပဲ။ ခရီးသွားတွေကိုလည်း အလွန်အမင်းစစ်ပြီး မထင်ရင်မထင်သလို၊ ငွေတောင်းတယ်။ ဒါတွေ ဆက်တိုက် ကြားနေရတော့ ခုလို သွားပစ်လိုက်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် တင်းဂတ်ရွာ ပျူစောထီးခေါင်းဆောင်၏ ဒုလက်ထောက် ဖြစ်သူ ပျူစောထီး သန့်ဇင် ဒဏ်ရာအပြင်းအထန်ရရှိကာ ပခုက္ကူဆေးရုံကြီး၌ ဆေးကုသနေရကြောင်း သိရသည်။
“ ခု တင်းဂတ်မှာ ဆိုးနေတာလည်း ပျူတွေက ပိုဆိုးတယ်။ သန့်ဇင်ဆိုတာ ပခုက္ကူ မြို့ပေါ်ကရယ်။ သူ့ရပ်ကွက်ထဲမှာလည်း ခိုးဆိုး လုယက်ပြီး သူလို လူငယ်တွေကို ပျူဇာတ်သွင်းတယ်။ပခုက္ကူ မြို့ပေါ်က ပြည်သူတွေကို မထင်ရင် မထင်သလို ရမ်းကားတယ်” ဟု ပခုက္ကူမြို့ပေါ်နေပြည်သူ တစ်ဦးက ပြောသည်။
တင်းဂတ်ရွာသည် ပခုက္ကူမြို့၏ အနောက်ဘက် မြို့အထွက် ပခုက္ကူ-ပေါက် လမ်းမကြီး ပေါ်၌ တည်ရှိသည်။
တင်းဂတ်ဂိတ်အတွင်း၌ နှစ်ထပ်ဘန်ကာ လေးခု အပါအ၀င် အတားအဆီးများ အထပ်ထပ်ချထား ကြောင်းသိရသည်။
စစ်သားနှင့်ပျူစောထီးတို့ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။