စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် စစ်ကောင်စီတပ်က ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ထိုအချိန်အတွင်း အပြင်ထွက်သူများကို လိုက်လံပစ်ခတ်သတ်ဖြတ်နေကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဝက်လက်မြို့နေပြည်သူများအား ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူငါးဦးထက်ပို၍ စုဝေးခွင့်မပြုခြင်းကို မေ ၉ ရက်ကအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအချို့လဲရှိနေကြောင်း ဝက်လက်မြို့နေပြည်သူများက ဆိုသည်။
“ဥပဒေထုတ်ပြီးတဲ့အချိန်ကစပြီး မြို့နေပြည်သူတွေက ကြောက်လန့်နေကြရတာ၊ ညနေ ၆ နာရီကျော်တာနဲ့ ကင်းပတ်ပြီး ထွက်တဲ့သူတွေကို ပစ်သတ်တော့ ဘယ်သူမှမထွက်ရဲကြတော့ဘူး” ဟု ဝက်လက်မြို့နယ်၊ ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက MPA ကိုပြောသည်။
ပြီးခဲ့သည့် မေ ၁၀ ရက်ကလည်း ညနေ ၆ နာရီကျော်မှ လမ်းပေါ်ထွက်လာသည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၀ အရွယ် ကိုငြိမ်းချမ်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ကာ အလောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း မြို့ခံများ၏ စိုးရိမ်ထိတ်လန့်မှုက ပိုမိုမြင့်တက်လာခဲ့သည်။
“အခုလည်း ရွာကလူတွေ မြို့လာပြီးဈေးမဝယ်တာအကောင်းဆုံးပါ၊ မြို့ပေါ်မှာက စစ်မှုထမ်းဥပဒေဝါဒဖြန့်စာရွက်တွေလိုက်ဝေနေတာ၊ လူငယ်တွေနဲ့ရွာသူ၊ ရွာသားတွေဈေးလာဝယ်ရင်း စစ်မှုထမ်းပါသွားမှာစိုးရတယ်” ဟု ဝက်လက်မြို့တွင်နေထိုင်သည့် မြို့ခံတစ်ဦးက သတိပေးသည်။
ဝက်လက်မြို့ပေါ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဥပဒေဝါဒဖြန့်စာရွက်များကို လိုက်လံဖြန့်ဝေခြင်း၊ လမ်းမီးတိုင်များတွင် လိုက်ကပ်ထားခြင်းများလည်း ပြုလုပ်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိအချိန်ထိ ဝက်လက်မြို့ပေါ် ရပ်ကွက်သုံးခုရှိ လူငယ် ၁၈ ဦးမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရပြီး လက်ရှိအချိန်ထိ မိသားစုနှင့် ဆက်သွယ်ခွင့်ရှိကြောင်း သိရသည်။