စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာများတွင် ရိက္ခာပြတ်နေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်း၌ ပုလဲမြို့အနီးဝန်းကျင် ရွာများအတွင်းရှိ ရိက္ခာများကို စစ်ကောင်စီတပ်က ဝင်ရောက်လုယက်ပြီးနောက် ပုလဲမြို့နယ်အတွင်း ရိက္ခာရှာ စစ်ကြောင်း မထိုးသည်မှာ ယနေ့ (မေ ၁၇ ရက်) အထိ ဖြစ်သလို ရိက္ခာပို့စစ်ကြောင်းလည်း ရောက်မလာသည်မှာ ကြာပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ၏ တပ်ရင်းမှူး ရဲဘော်ပေ ထံက သိရသည်။
“ ဖေဖော်ဝါရီ လကုန်မှာ ထိုးတယ်။ မြို့ ပတ်ချာလည် ပတ်ထိုးပြီး ရိက္ခာ တွေ ပတ်သယ်၊ ပုလဲမြို့ပါ်အကုန်ပို့၊ ပျူရွာတွေပို့၊ အဲဒါ ပြီးကတည်းက ပုလဲမြို့နယ်ထဲ စစ်ကြောင်း မရှိသေးဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
ယခုအခါ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာများနှင့် အထိုင်စခန်းများ၌ ရိက္ခာ ပြတ်နေပြီဟု သိရသော်လည်း စစ်ကောင်စီတပ်က ယခုအချိန်ထိ ရိက္ခာ ပို့ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။
“ အဲတုန်းက ပို့တာလည်း ၂လကျော်ပြီလေ။ ရှိသမျှလည်း ကုန်ပြီပေါ့။အခု ရိက္ခာတွေ ပြတ်နေပြီ ပြောတယ်။ စစ်ကြောင်းတော့ မလာသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုလဲမြို့နယ်အတွင်း၌ အင်မထီးနှင့် ဇီးဖြူကုန်း ပျူရွာနှစ်ရွာသာ ရှိပြီး စစ်ကောင်စီ အထိုင်စခန်းများမှာ ပုလဲမြို့ပေါ်နှင့် ကန့်ဒေါင့် ရဲစခန်းတို့တွင်ရှိကြောင်း ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန်မှာ မုံရွာနှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကြောင်းများနှင့် ပူးပေါင်းပြီးမှသာ စစ်ကြောင်းထိုးနိုင်ကြောင်း ရဲဘော်ပေကဆိုသည်။
“ အခုကာလ ရာသီဥတုကလည်း ပူတော့ စစ်ကြောင်း ထိုးရင်လည်း မလွယ်ဘူး။ အသက်ကြီးတဲ့ သူတွေအတွက် အရမ်း အန္တရာယ်များတယ်။ ဒါပေမဲ့ သူတို့ ပျူရွာတွေမှာ ပြတ်နေတာ(ရိက္ခာပြတ်) မသိမရှိဘူး၊သိမှာပဲ။ အချိန်စောင့်ပြီး ထိုးမှာပဲရယ်” ဟု ပုလဲတောင်ပိုင်းနေ ဒေသခံတစ်ဦးက ပြောသည်။
ပုလဲတစ်မြို့နယ်လုံးတွင် ပုလဲမြို့ပေါ်၌ စစ်သား၊ ရဲနှင့်ပျူ အင်အား ၇၀ ကျော်၊ ကန့်ဒေါင့် ရဲစခန်း၌ ရဲနှင့်ပျူ အင်အား ၄၀ကျော်၊ အင်မထီးပျူစောထီး ရွာ၌ စစ်သားနှင့်ပျူအင်အား ၆၀ ကျော် နှင့် ဇီးဖြူကုန်း ပျူစောထီးရွာ၌ စစ်သားနှင့်ပျူ အင်အား ၃၀ ကျော် စုစုပေါင်း ၂၀၀ ကျော်သာ ရှိကြောင်း သိရသည်။