ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီထောင်ထားသော မိုင်းများနှင့်ဗုံးသီးများကြောင့် ရမ်းဗြဲမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ ဒေသခံများသေဆုံးထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်နေကြောင်း အဆိုပါမြို့နယ်များအတွင်းနေထိုင်သူများထံမှသိရသည်။
မေ ၁၆ ရက်၊ နံနက်ပိုင်းက ရမ်းဗြဲမြို့၊ အမှတ်(၆)၊ ညောင်ပင်လှရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၁၀ နှစ်ကျော်အရွယ်ကလေးတစ်ဦး ရပ်ကွက်အနီးရှိ ဥယျာဉ်ခြံအတွင်းမှ စစ်လက်ကျန်ဗုံးတစ်လုံးကိုတွေ့ရှိပြီး ၎င်း၏ နေအိမ်သို့ကောက်ယူခဲ့ရာမှ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ကလေးက လမ်းသွားရင်းနဲ့ ဗုံးကိုတွေ့တော့ ကောက်လာပုံပါပဲ။ အိမ်ရောက်တော့ သူ့အမေက ပြန်သွားထားဖို့ပြောတော့ ပစ်ချလိုက်တာမှာ ပေါက်သွားတာ။ ထိခိုက်သွားတဲ့သူတွေကတော့ ဗုံးယူလာတဲ့ ကလေးရဲ့ မိသားစုဝင်တွေချည်းပဲ။ သေဆုံးတာတော့ မရှိဘူး။ အကုန်လုံးကိုတော့ အရေးပေါ်ဆေးကုပေးနေတယ်”ဟု ညောင်ပင်လှရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက MPA ကိုပြောသည်။
စစ်လက်ကျန်ဗုံးပေါက်ကွဲမှုကြောင့် ဗုံးသီးကောက်ယူခဲ့သော ကလေးငယ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်အတွင်းရှိ အသက်တစ်နှစ်ကျော်အရွယ်နှင့် သုံးနှစ်အရွယ် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
ထို့အတူ ရသေ့တောင်မြို့နယ်တွင်လည်း စစ်ကောင်စီထောင်ထားသော လက်ကျန်မိုင်းအား နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
“ကလေးတွေက သူတို့နေတဲ့ ကျောက်တန်းကနေ ကံပြင်ရွာကို သွားကြတာ။ ကံပြင်ရွာက စာသင်ကျောင်းနားက ကားလမ်းဘေးမှာ စစ်တပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိကြတာ။ နင်းမိတဲ့ ကလေးကတော့ ဆေးကုပေးနေရင်းနဲ့ သေသွားတယ်။ သူက ဘယ်ခြေပြတ်တယ်၊ ညာခြေနဲ့ အမျိုးသားအင်္ဂါမှာ အပြင်းအထန် ဒဏ်ရာရသွားတာ။ ကျန်တဲ့ ကလေးနှစ်ယောက်ကတော့ ခုထိ ဆေးရုံမှာပဲ”ဟု ရသေ့တောင်မြို့နယ်ရှိ ဒေသခံတစ်ဦးက ရှင်းပြသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မေ ၁၆ ရက် အစီရင်ခံစာအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်များဟာ ပိုပြီးကြီးမားလာနေပြီး ယခု မေ ၂ ရက်မှ ၉ ရက်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အရပ်သားခြောက်ဦးအသက်ဆုံးရှုံးခဲ့ရသလို ငါးဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“စစ်တပ်က မိုင်းတွေကို ထောင်သွားခဲ့တာ၊ စစ်လက်ကျန်မိုင်းတွေကိုလည်း ပြည်သူတွေက မသိတော့ နင်းမိတာတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေ ရကြတာပေါ့။ ခြေတွေ ဘာတွေ ပြတ်တာတွေ ရှိသလို အသက်သေဆုံးတာတွေလည်း ရှိတယ်။ သေစေနိုင်တဲ့ စစ်လက်နက်တွေကို ထောင်ထားတာဟာ ပြည်သူတွေကို သေစေဖို့အတွက် ရည်ရွယ်ပြီး လုပ်ထားတာပဲ ဖြစ်တယ်။ စစ်တပ်အနေနဲ့ အခုလိုတွေ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်းမှာ မိုင်းတွေထောင်တယ်ဆိုတာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်”ဟု ရခိုင့်အရေး လေ့လာသူတစ်ဦးကဆိုသည်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးကလည်း ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထောင်ထားသော မိုင်းများနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်များကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူဦးရေဟာ တစ်ထောင်ကျော်ရှိပြီး၊ ၂၀၂၂ ခုနှစ်ကအရေအတွက်ထက်ပိုမိုမြင့်တက်ခဲ့ကြောင်း UNOCHA-Myanmar ၏ အစီရင်ခံစာအရ သိရသည်။