တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာသို့ စစ်ကောင်စီ ရေတပ်စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း DDMSC နှင့် ဒေသခံများထံမှသိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်၊ နံနက် ၁၁ နာရီ ခန့်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရ၀တီရေတပ်စခန်းဌာနချုပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဇာဒီကျေးရွာသို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ကြောင်း Democracy Movement Strike Committee – Dawei (DDMSC)မှ ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ ရေတပ်စခန်းနဲ့ ဇာဒီကျေးရွာက ခုနှစ်မိုင်လောက်ရှိတယ်။ အဲ့ဒီရွာပတ်၀န်းကျင်မှာလည်း ဘာတိုက်ပွဲမှမရှိဘူး။ ရွာခံတွေပဲရှိတာ၊ စစ်ဘေးရှောင်တွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး။ တမင်ကိုပစ်တာ” ဟု ၎င်းကပြောသည်။
သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးသည် ဇာဒီကျေးရွာ၊ သစ်လှတောရပ်ကွက်နေ မောင်ဇော်မျိုးအောင်(အသက် ၁၆နှစ်) နှင့် မပွင့်ပွင့်(အသက် ၁၁နှစ်) တို့ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကြီးရန်ကို ကြောက်လန့်သဖြင့် ဇာဒီကျေးရွာနှင့် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
“ လက်နက်ကြီးက သူတို့အိမ်ပေါ်ကိုကျတာ၊ ကလေးတွေကို ချက်ခြင်း သင်္ဂြိုဟ်လိုက်တယ်။ ရွာသားတွေကတော့ အခုထိ ရွာထဲပြန်မဝင်ရဲသေးဘူး” ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၈ရက်နှင့် ၁၀ရက်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာသို့ စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့မှုကြောင်း ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့သေး သည်။