ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ အတွင်းရှိ ရွာလေးကုန်းကျေးရွာတွင် မေ ၁၃ ရက်၊ ညပိုင်းက စကားထိုင်ပြောနေကြသည့် မိသားစု စကားဝိုင်းအနီးသို့ စစ်တပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် လေးဦးသေဆုံးသွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သူများက ပြောသည်။
စစ်ကောင်စီလက်အောက်ရှိ လခရ – ၇၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရွာလေးကုန်းကျေးရွာတွင်နေထိုင်သည့် အသက် ၈၄ နှစ်အရွယ် ဦးကျော်စိန်၏ နေအိမ်နှင့် နွားတင်းကုတ်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးထိမှန်မှုကြောင့် ဦးကျော်စိန်အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း သတင်းထုတ်ပြန်ထားသည်။
“မိသားစုတွေ ညဘက်ထိုင်စကားပြောနေတာ၊ အဲဒီမှာ လက်နက်ကြီးက အိမ်နဲ့ နွားတင်းကုတ်ကြားတည့်တည့်ကျတာ၊ နှစ်ယောက်ကတော့ နေရာမှာပွဲချင်းပြီးသေသွားတယ်၊ ကျန်တဲ့လူတွေ ဆေးရုံပို့တာ လမ်းမှာတစ်ယောက်ဆုံးတယ်၊ ဆေးရုံရောက်တော့ တစ်ယောက်ထပ်ဆုံးတော့ လေးယောက်ဖြစ်သွားတာ၊ သုံးယောက်ကဒဏ်ရာရတယ်၊ နွားတစ်ကောင်လည်း သေသွားတယ်”ဟု ရွာလေးကုန်းရွာသားတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်ရက်ဆက်ဆိုသလို လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုများပြုလုပ်နေသဖြင့် အထက်ပါကျေးရွာတွင်နေထိုင်သူများအနေဖြင့်လည်း ဗုံးခိုကျင်းများပြုလုပ်ထားရကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“နေ့ရော၊ ညရောကို ပစ်နေကြတာ၊ ပုန်းကျင်းတွေလည်း အိမ်တိုင်လိုလို တူးထားရတယ်၊ ပစ်သံကြားတာနဲ့ ပုန်းဖို့ပြေးရတာ၊ သူတို့မိသားစုလည်း ပုန်းဖို့လုပ်သေးတယ် အချိန်မရလိုက်တာ၊ ခါတိုင်းက ရွာထဲမကျဘူး၊ ရွာပြင်တွေ ကျတာများတယ်” ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် မေ ၅ ရက်ကလည်း တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ဘဲခလေးကျေးရွာအတွင်းသို့ စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သဖြင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း KNU (ဗဟို) ၏ ထုတ်ပြန်ချက်အရသိရသည်။