ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ခံတချို့ နေအိမ်များသို့ ပြန်လာကာ သန့်ရှင်းရေး လာလုပ်နေကြကြောင်း သိရသည်။
မေလဒုတိယပတ်အတွင်း နေအိမ်နှင့်ခြံဝင်းအတွင်းရှိ ခြုံနွယ်များကို ရှင်းလင်း ခုတ်ထွင်နေကြသူများအား တွေ့လာရကြောင်း ဒေသခံအချို့ထံက သိရသည်။
“ အိမ်က ဘယ်သူမှ မနေတာ ကြာတော့ ခြုံတွေ၊ မြက်တွေ အရှည်ကြီးပဲ။လူတစ်ရပ်ကျော်လောက်ရှိနေပြီ။ အိမ်ထဲမှာဆိုလည်း ကြောင်သေ အနံ့တွေ၊ ခြတွေကြောင့် ဘာမှ အနံ့အသက်မကောင်းဘူး။ ရှုပ်ပွပြီး နံစော်နေတာပဲ” ဟု နေအိမ်သန့်ရှင်းရေးလာလုပ်သူ ဒီးမော့ဆိုမြို့ခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
နေအိမ်နှင့်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ရာတွင် မိုင်းအန္တရာယ်ကို သတိကြီးကြီးထားနေရ ကြောင်း ၎င်းကဆိုသည်။
ဒီးမော့ဆိုမြို့ပေါ်ရှိ လမ်းအချို့သာ သွားလာ၍ရသေးပြီး မိုင်းရှင်းလင်းရေး မလုပ်ရသေးသည့် လမ်းများကိုမူ ကရင်နီတော်လှန်ရေးတပ်များက သွားလာခွင့် မပြုသေးပေ။
“ ပြည်သူတွေ ရွာထဲကို အတင့်ရဲပြီး ပြန်မ၀င်ကြဖို့လိုတာပေါ့။အိမ်က ပစ္စည်းပြန်ယူချင်တာပဲဖြစ်ဖြစ် အိမ်ပြန်ကြည့်ချင်တာပဲဖြစ်ဖြစ် နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ အကူအညီနဲ့သွားဖို့တော့ မေတ္တာရပ်ခံတယ်။ အဓိကကတော့ ပြည်သူရဲ့ လုံခြုံရေးနဲ့ မိုင်းအန္တရာယ်ကြောင့်ပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒီဝမ်းက ပြောသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့ကို ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသော်လည်းအချိန်မရွေး စစ်ရေးစစ်ရာ ဖြစ်ပွားနိုင်သောကြောင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်များက ပြည်သူများအား ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုကြောင်း တရားဝင် စာထုတ်ထားခြင်းမျိုး မရှိသေးပေ။
ဒီးမော့ဆိုမြို့ပေါ်တွင် နေအိမ်နှင့်ခြံဝန်း သန့်ရှင်းရေးလာလုပ်သူများမှာ ကွက်ကျားသာဖြစ်ပြီး သန့်ရှင်းရေးပြုလုပ်ပြီးနောက် ၎င်းတို့ ယာယီခိုလှုံရာ နေရာများသို့ ပြန်ကြကြောင်း သိရသည်။
ဒီးမော့ဆိုမြို့ခံများသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည်မှာ ကြာပြီဖြစ်သည်။