ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးကို စစ်တပ်ကသေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
မင်းတပ်မြို့၊ နမ့်ထာရပ်ကွက်တွင် ခလရ(၂၇၄)တပ်ရင်းမှ ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများက မေ ၁၃ ရက်၊ နေ့လယ်တစ်နာရီအချိန်ခန့်တွင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
“ သူ့အိမ်ရှေ့မှာပဲ စစ်သားတွေကိုမြင်လို့ ကြောက်ပြီးပြေးတာမှာ လိုက်ပစ်တယ်လို့သိရတယ်။ စိတ်လည်းသိပ်မနှံ့ဘူးပြောတယ်။ နေရာတင် ပွဲချင်းပြီးသေတယ်လို့ပြောကြတယ်နော” ´ဟု ၎င်းက MPA ကိုပြောသည်။
စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အသက်(၃၀)အရွယ် ဟာနူးဖြစ်ပြီး ရုပ်အလောင်းကို မင်းတပ်မြို့ပြည်သူ့ဆေးရုံတွင် ထားရှိ၍ စစ်ကောင်စီက သတင်းဖုံးရန်ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။
ယင်းနှင့်ပတ်သက်၍ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမာန်ထံသို့ MPA ကဆက်သွယ်မေးမြန်းခဲ့ရာ “ ကျတော်တို့ ပြန်စုံစမ်းလိုက်ပါဦးမယ်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။
စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်သို့ ၂၀၂၂ ခုနှစ်၊ မေလပိုင်းမှစ၍ ကြီးမားသည့်စစ်ကြောင်းထိုးမှုများပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ မင်းတပ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာနှစ်ရွာကိုသာ ထိန်းချုပ်ထားနိုင်ပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကိုသာ အများဆုံးပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကလည်း မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆေးကုသမှုခံယူနေသည့် လူနာလေးဦးနှင့် လူနာစောင့်တစ်ဦးအပါအဝင်ငါးဦးသေဆုံး၍ ဒေသခံအယောက် (၃၀) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။