မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် ငါးခြောက်ကြော်များကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့-WOPPမှ ကိုယ်တိုင် ပြုလုပ်ရောင်းချနေကြောင်း သိရသည်။
အကျဉ်းထောင်အတွင်းတွင် စားသုံးခဲ့ရသည့် ငါးနီတူခြောက်ကြော်၊ ငံပြာရည်ကြော်၊ ငါးပိကြော်များကို နိုင်ကျဉ်းတွေကို မမေ့လျော့ဘူးဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ခုနှစ်၊ မေ ၁ရက်မှ စတင်ကာ၊ ရောင်းချခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောသည်။
“ အခုလက်ရှိ အကျဥ်း ထောင်တွေထဲမှာရှိတဲ့ နိုင်ကျဉ်းတွေကို မမေ့လျော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့အထဲမှာ ရှိတုန်းက စားသုံးခဲ့ရတဲ့အရာလေးတွေကို ရောင်းချဖြစ်တာပါ၊ ပြီးတော့ တစ်ဖက်မှာလည်း ဒီကရလာတဲ့ အမြတ်လေးတွေနဲ့ နိုင်ကျဉ်းသူတွေကို ကူညီထောက်ပံ့ပေးသွားမှာပါ” မဇူးဇူးမေယွန်းက ပြောသည်။
လက်ရှိ ရောင်းချနေသည့် ငါးနီတူခြောက်ကြော်၊ ငံပြာရည်ကြော်နှင့် ငါးပိကြော်များကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ အဖွဲ့ဝင်များကိုယ်တိုင် ပြုလုပ်ရောင်းချနေခြင်းဖြစ်ကြောင်း မဇူးဇူးမေယွန်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို ဖွဲ့စည်းပြီးသည့်အချိန်မှ စ၍ ယနေ့အထိ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများကို အဓိကထား ကူညီထောက်ပံ့မှုများပြုလုပ်နေသော်လည်း၊ ဆေးဝါးအပြင် အခြား ကူညီရန် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
“ ကျမတို့က ပြန်လွတ်လာပေမဲ့ ကျမတို့နိုင်ငံက အခုထိ မလွတ်မြောက်သေးပါဘူး၊ အဲဒီထဲမှာမှ အကျဉ်းထောင်တွေထဲမှာရှိတဲ့ နိုင်ကျဉ်းသူတွေကို လုံးဝ မေ့ထားလို့ မရဘူး။ အခု အကျဉ်းထောင်တွေထဲမှာဆိုရင် လူမသိ၊ သူမသိနဲ့ လူ့အခွင့် အရေးချိုးဖောက်ခံနေရတာတွေ အများကြီး ရှိတယ်။ အဲ့ဒါကြောင့်မလို့ နိုင်ကျဉ်းသူတွေရဲ့ အသံကို နားထောင်ပေးကြပါ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်တွင် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ဝင် ၇၀ နီးပါးရှိနေပြီ ဖြစ်သည်။