ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင် မီးပုံပျံပြုလုပ်ရန်အတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၃ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် မီးပုံးပျံပြုလုပ်ရန် ယမ်းထောင်းနေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်တစ်လုံး မီလောင်ခဲ့ခြင်းဖြစ်သည်။
“နှစ်ယောက်တော့ အရေးပေါ်ဆေးရုံးတင်ထားတယ်။ ဒဏ်ရာပြင်းတယ်။ ခဏခဏဖြစ်လေ့ရှိတယ်။ မီးပုံပျံမှာထည့်ဖို့လို့ ပြောတာပဲ” ဟု အောင်ပန်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ယမ်းထောင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သူများသည် အသက် ၅၆နှစ်အရွယ် ဦးအောင်မြင့်၊ အသက် ၆၁နှစ်အရွယ် ဦးဝင်းဦးနှင့် အသက် ၂၄နှစ်အရွယ် ကိုလွင်ဦးတို့ဖြစ်ပြီး လက္မပင်နှင့် ညောင်ပင်ကျေးရွာဒေသခံများဖြစ်သည်။
“နေအရမ်းပူတာလည်း ဖြစ်နိုင်တယ်။ တစ်ခုခုချို့ယွင်းသွားလို့လည်း ဖြစ်နိုင်တယ်။ ဘယ်လိုကနေဖြစ်ပြီး ပေါက်ကွဲတာလဲတော့ သေချာမသိဘူး။ အိမ် တစ်လုံးတော့ မီးလောင်သွားတယ်။ အိမ်ရှင်က ဒီတစ်ခေါက်နဲ့ဆို အခုလိုကြုံတာ သုံးခါရှိပြီ ကံကောင်းလို့ သူမထိတာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူ သုံးဦးသည် အောင်ပန်းဆေးရုံ၌ ကုသနိုင်သည့် ဆေးဝါးပစ္စည်းများ လုံလောက်မှုမရှိသဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ကုသနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ရိုးရာဓလေ့အရ နှစ်စဉ် မီးပုံပျံပြုလုပ်လေ့ရှိပြီး ယမ်းထောင်စဉ်ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။