စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကြေးနီသယ်ရန်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား လေးဦးသေဆုံးကြောင်းသိရသည်။
မေလ ၁၂ရက်၊ မွန်းလွဲ တစ်နာရီ မိနစ်၄၀ခန့်တွင် စစ်ကိုင်းမှ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီကုမ္ပဏီသို့ ကြေးနီသယ်ရန် ထွက်လာသည့် စစ်ကောင်စီကား ၁၁စီးကို မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာ၌ မိုင်း ၁၄လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးဦးသေဆုံးကြောင်း မြေပြင်သတင်းပေးများထံက သိရသည်ဟု Area 71 People’s Defence Force က သတင်းထုတ်ပြန်သည်။
“ ကားကအခွံတွေလို့ပြောတယ်။ ဒါပေမဲ့ အင်အားနည်းနည်းစီတော့ပါမှာပေါ့။ ကားတစ်စီးကတော့ မိုင်းဆွဲခံရပြီး ထိုးရပ်သွားသေးပေမဲ့ ချက်ချင်းပြန်မောင်းထွက်သွားတာ” ဟု မုံရွာမြို့နယ်အခြေစိုက် PDFရဲဘော်တစ်ဦးကပြောသည်။
ယင်း စစ်ယာဉ်တန်းကို အခြားသော ဒေသခံ PDF အဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်လွဲချော်သွားသဖြင့် ထိခိုက်မှုမရှိကြောင်း မိုင်းဆွဲရာတွင် ပါဝင်သည့် ၎င်းကပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ သေနတ်ပစ်တာတွေတော့ရှိတယ်။ လူထိတယ်လို့တော့ မကြားမိပါဘူး” ဟု မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းဘေးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို Area 71 People’s Defence Force၊ People’s Defence Force South Monywa တပ်ခွဲ တစ်နှင့် မုံရွာမြို့နယ်၊ တိုက်နယ်သုံး၊ ရပ်ကျေးပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် Area 71 People’s Defence Force အဖွဲ့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။