၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ၆ လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့အပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်က ဈေးများပျက်စီးဆုံးရှုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော်က မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်ဖြူနှင့် စစ်တွေမြို့တို့ရှိ မြို့မဈေးကြီးများ၊ ရပ်ကွက်ဈေးတန်းများနှင့် ဈေးဆိုင်ခန်းအချို့ ပျက်စီးရှုံးဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့ဈေးတစ်ခုလုံး မီးလောင်ပြာကျကာ ကျပ်သိန်းပေါင်း ၂,၀၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“နေဗီကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာ။ ဈေးတစ်ခုလုံး ပါသွားတယ်။ ဈေးဆိုင်တွေ ရှိသမျှကုန်ပစ္စည်းတွေလည်း မီးထဲပါသွားခဲ့တာ။ အဲ့ဒီအချိန်တုန်းက စစ်တပ်က မီးသတ်ကားတွေကို ပေးမထွက်ခဲ့တော့ မီးငြှိမ်းခွင့်မရဘဲနဲ့ ပစ္စည်းတွေအကုန်ပါသွားခဲ့တာပေါ့။ နောက်ပြီး ပုဏ္ဏားကျွန်းမှာက တိုက်ပွဲတွေ မဖြစ်သေးဘူး။ စစ်တပ်ဘက်ကပဲ လက်နက်ကြီးတွေနဲ့ ပစ်နေခဲ့တဲ့ အချိန်ပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ လှမ်းပစ်ခဲ့တာ။ အခုတော့ မြို့ကို AA က ထိန်းချုပ်ထားပါပြီ”ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယင်းမြို့ရှိ ကင်းတောင်ပေါ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နတ်ဆိပ်ကျေးရွာအနီး ကုလားတန်းမြစ်ကြောင်းရှိ စစ်ကောင်စီ၏ နေဗီသင်္ဘောတို့မှ ပစ်ခတ်မှုများကြောင့် မြို့မဈေးမှာ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်တိုင်ပစ်ခတ်ခဲ့ခြင်းကြောင့် ပေါက်တောမြို့နယ်၊ ရပ်ကွက်(၃)ရှိ ဈေးတန်းမီးလောင်ပြာကျခဲ့သလို ဒီဇင်ဘာ ၂၁ ရက်က မီးရှို့မှုတစ်ကြိမ်ပြုလုပ်ခဲ့ဖြင့် ယင်းမြို့နယ်ရှိ မြို့မဈေးဝန်းကျင်တွင် မီးလောင်ခဲ့ကြောင်း သိရသည်။
“ပေါက်တောမြို့က စစ်ကောင်စီရဲ့ဗုံးကြဲတဲ့ဒဏ်ကို အပြင်းအထန်ဆုံးခံခဲ့ရတဲ့ မြို့တစ်မြို့ပါ။ ဗုံးကြဲတာတွေ မီးရှို့တာတွေကြောင့် ဘာတစ်ခုမှလည်း ကုန်းကောက်စရာတောင် မရှိတော့ဘူး။ ရပ်ကွက်တွေ၊ ရွာတွေက အိမ်တွေဆိုလည်း မီးတိုက်(မီးရှို့)လို့ တော်တော်များများ မီးထဲပါသွားတယ်။ ပေါက်တောမြို့မှာက လူဦးရေထောင်နဲ့ချီရှိတာ အကုန်လုံးက အခုထိကိုယ့်ရပ်၊ ကိုယ့်ဒေသ မပြန်နိုင်ကြသေးပါဘူး။ တပ်တော်က ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ရှိနေသေးတော့ အလုံးစုံ စိတ်မချရလို့ မပြန်ကြသေးတာပေါ့။ အားလုံးတော့ မပြန်ကြတာ မဟုတ်ဘူး”ဟု ပေါက်တောမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်ကလည်း စစ်တွေမြို့၊ ဗျူးပွိုင့်ရေတပ်စခန်းအနီး ကျောက်ချထားသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းပျံကျဈေးတန်းအနီး မြို့မဈေးကြီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုများရှိခဲ့သလို ဈေးဆိုင်ခန်းများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။
“နှစ်လပိုင်းလောက်ကပေါ့။ ကိုရီးယားဆိပ်ကမ်းနားက မြို့မဈေးထဲကို လက်နက်ကြီးကျတာ။ မနက်အစောကြီးပဲ။ ဆိုင်တွေ တော်တော်များများ ပျက်စီးသွားတယ်။ သေတဲ့သူတွေလည်း ၁၀ ယောက်ထက်မနည်းဘူး။ တချို့ ဒဏ်ရာရတဲ့သူတွေဆို ခုထိတောင် ပြန်မကောင်းကြသေးတာတွေ ရှိတယ်။ အဲ့ဒီအချိန်တည်းကနေ ခုထိစစ်တွေမှာ တိုက်ပွဲဖြစ်နေတယ်တော့ မဟုတ်ပေမဲ့ ပစ်ခတ်မှုတွေရှိတယ်။ ခိုးမှုတွေ လုယက်မှုတွေကလည်း တော်တော်လေးကို များလာတယ်။ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ဘူး။ တာဝန်ရှိတဲ့ ရဲတွေကလည်း အရေးတယူနဲ့ လိုက်လုပ်ပေးတယ်ဆိုတာ မရှိဘူး”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်တိုင်ပြုလုပ်ခဲ့သဖြင့် မင်းပြားမြို့ မြို့မဈေးကြီးလောင်ခဲ့ခြင်း၊ ယင်းလအတွင်းပင် စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်လုပ်ခဲ့သဖြင့် ဆိုင်ခန်းပေါင်းခြောက်ခန်း မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
ထို့အတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကိုလည်း ယခု မေ ၈ ရက်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကိုးကြိမ်တိုင် ပြုလုပ်ခဲ့သဖြင့် ဆိုင်ခန်းပေါင်းခုနှစ်ခန်းအထိ မီးလောင်ပြာကျခဲ့ပြီး ဖေဖော်ဝါရီလအတွင်းက မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့သဖြင့် ဈေးဆိုင်ခန်းသုံးခန်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။