အဝေးရောက် ဧရာဝတီအသင်း (OIA)နှင့် ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင်တို့ တွေ့ဆုံခဲ့ကာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို လုံခြုံစွာဖြင့် ခိုလှုံနေထိုင်ခွင့်ပေးရန်အတွက် ဆွေးနွေးခဲ့ကြောင်း အဝေးရောက် ဧရာဝတီအသင်းထံမှ စုံစမ်းသိရှိရသည်။
“နိုင်ငံရေးအရ ရွှေ့ပြောင်းလာတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ထိုင်းအစိုးရက သေသေချာချာလေးအသုံးချဖို့၊ လူဦးရေစာရင်းတွေကောက်ပြီး အထောက်အထားလက်မှတ်တွေကို လုပ်ပေးဖို့ကို ဆွေးနွေးတယ်။ အခုလက်ရှိ လုပ်နေကြတဲ့ ပန်းရောင်ကဒ်တို့၊ CI တို့ဆိုတာက ဟိုဘက်နိုင်ငံ(မြန်မာနိုင်ငံ)က လာစစ်ဆေးတဲ့အခါမှာ အခက်အခဲတွေလည်း ရှိသလို မလုံခြုံမှုတွေရှိပြီး မရတာတွေရှိတယ်။ ၂၀၀၅ ခုနှစ်တုန်းက ထိုင်းအစိုးရက လုပ်ပေးတဲ့ ထောရော ၃၈ ကို ထုတ်ပေးဖို့ တောင်းဆိုထားတယ်” ဟု အဝေးရောက် ဧရာဝတီအသင်း OIA ၏ အထွေထွေအတွင်းရေးမှူး ကိုဖိုးသင်္ကြန်က MPA ကို ပြောသည်။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ထိုင်းအစိုးရမှ အထောက်အထားထုတ်ပေးရန်တောင်းဆိုသည့် ထောရော ၃၈ သည် ပန်းရောင်ကဒ်၊ CI တို့ကဲ့သို့ ကုန်ကျစရိတ် ကြီးမြင့်မရှိခြင်းဘဲ လုံခြုံစွာနေထိုင်ခွင့်ရှိကြောင်း သိရသည်။
ထောရော ၃၈ သည် အလုပ်လုပ်ခွင့်ရရှိမည်မဟုတ်သလို နယ်မြေကန့်သတ်ချက်အတွင်း စိတ်ချလုံခြုံစွာဖြင့် နေထိုင်နိုင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အလုပ်လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် work permit လျှောက်ထားနိုင်ကြောင်း သိရသည်။
“ဒီရောက်နေတာတော့နှစ်နှစ်နီးပါး ရှိပြီပေါ့။ ထိုင်းအစိုးရဘက်က ဘတ်ဖွင့်ချိန်မှာ ပန်းရောင်ကဒ် ဘတ်ရိုက်တာ CI လျှောက်တာတွေထိပါ သူဌေးငှားပြီး လုပ်တယ်။ ပန်းရောက်ကဒ်အထိကတော့ ပြဿနာမရှိဘူး။ ထိုင်းဘက်က ထုတ်ပေးတာဖြစ်တော့ အေးအေးဆေးဆေးနဲ့ ကဒ်ရတယ်။ CI သွားလုပ်တဲ့အချိန်မှာ ပြဿနာတက်တာ။ မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်ချိန်မှာ ကိုယ်က နိုင်ငံ့ဝန်ထမ်းဆိုပြီး ပေါ်လာတော့ လုပ်လို့မရခဲ့ဘူး။ CDM မလားဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လို့မရခဲ့တာပေါ့” ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသာ CDM တစ်ဦးက ဆိုသည်။
နိုင်ငံရေးအခြေအနေများကြောင့် ပြောင်းရွေ့လာသည့် လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများအရေး၊ နယ်စပ်စစ်ဘေးရှောင်ပြည်သူများအရေးတို့ကို အဓိကထားဆွေးနွေးခဲ့ပြီးသလို စစ်ဘေးရှောင်များအတွက် ရိက္ခာပစ္စည်းပို့ဆောင်မှုများကို ပိုမိုခွင့်ပြုပေးရေးတို့ကိုလည်း အဝေးရောက် ဧရာဝတီအသင်းက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
“အဓိကကတော့ အောက်ခြေကအခြေအနေတွေကို ဆွေးနွေးခဲ့တာပေါ့။ တံတား ၂ နားမှာ ဖြစ်တဲ့ တိုက်ပွဲကို မီးမောင်းထိုးပြပြီး ဆွေးနွေးခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်နဲ့ မီတာ ၂၀၀ လောက်ပဲ ဝေးတဲ့ထိကို လက်နက်ကြီးတွေကျတယ်။ ဒီလိုတွေကျရောက်တဲ့အတွက် သောင်ရင်းမြစ်ကမ်းနဖူးမှာ နေတဲ့ စစ်ရှောင်တွေနဲ့ သောင်ရင်းမြစ်တစ်ဖက်ကမ်းမှာနေတဲ့ ထိုင်းပြည်သူတွေရဲ့စိတ်ပိုင်းရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်စေတဲ့ အချက်တွေတင်ပြတယ်” ဟု အဝေးရောက် ဧရာဝတီအသင်း OIA ၏ အထွေထွေအတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ရှင်းပြသည်။
ယင်းဆွေးနွေးချက်များကို ထိုင်းနိုင်ငံလုံခြုံရေးကော်မရှင်အနေဖြင့် ကတိကဝတ်ပေးခြင်းမျိုး မရှိသော်လည်း နယ်စပ်ဒေသအတွက် တက်နိုင်သမျှ ကူညီမှုများပေးနိုင်ရန်အတွက် တိုက်တွန်းတောင်းဆိုသွားမည်ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“အခုဆို မိုးတွင်းလည်း ရောက်တော့မှာဆိုတော့ အမိုးအကာအတွက် လိုအပ်ချက်တွေ ရှိတယ်။ အိမ်သာတွေ ဘာတွေဆိုလည်း လိုအပ်တယ်။ အခုကတော့ ရိက္ခာတွေတော့ လှူတာတွေ ရှိတယ်။ ရိက္ခာတွေလည်း လိုအပ်နေပေမဲ့ အခုက မိုးကျလာတော့မှာဆိုတော့ မိုးလေလုံတဲ့ နေစရာနေရာလိုအပ်နေတယ်” ဟု ရေပူ စစ်ရှောင်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဌ Mr. Rangsiman Rome နှင့် ထိုင်းအောက်လွှတ်တော်အမတ်များမှ ဦးဆောင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင်ရှိ ရွေ့ပြောင်းအလုပ်သမားများကိစ္စ၊ မြန်မာ ဘက်ခြမ်းတိုက်ပွဲများကြောင့် ပြောင်းရွေ့လာသည့် စစ်ဘေးရှောင်များကိစ္စ၊ သတင်းအချက်အလက်ကန့်သတ်မှုများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲကို မေ ၁၂ ရက်က ပြုလုပ်ခဲ့ကာ OIA အဖွဲ့မှ တက်ရောက်ဆွေးနွေးခဲ့ဖြစ်ကြောင်း သိရသည်။