ကရင်နီပြည်နယ်၊ လွိုင်ကော်ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာပို့ခွင့်မရသဖြင့် ရိက္ခာပြတ်ကာ ဗီတာမင်ဓာတ်ချို့တဲ့မှုကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊နိုဝင်ဘာ၁၁ရက်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လအကြာ၌ လွိုင်ကော်ထောင်တွင်း ရိက္ခာများ ပြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) ထံက သိရသည်။
“ လွိုင်ကော်က ပြင်ပထွက်ခွင့်ကန့်သတ်ချက်များတယ်။ ကိုယ်လက်လှုပ်ရှားရမှု မရှိဘဲ အကျဥ်းထောင်ထဲမှာပဲ အမြဲနေရတာ။ အစားအသောက် ချို့တဲ့ပြီး ဗီတာမင်ဓာတ် ဆုံးရှုံးမှုတွေကြောင့် အောက်ပိုင်းသေသလို၊ ချိနဲ့ပြီး လမ်းမလျှောက်နိုင်တာတွေ၊ အပေါ့၊ အလေးသွားတာတောင် အကူမပါရင် မသွားနိုင်လို့ အိပ်တဲ့နေရာနားမှာတင် ကိစ္စပြီးလိုက်ရတယ်။သက်ကြီးရွယ်အိုတွေတင်မဟုတ်ဘူး။ လူငယ်တွေအထိပါ ခံစားနေရတဲ့ အခြေအနေပါပဲ။ ဗီတာမင်ဓာတ်က အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ ပြောသည်။
လွိုင်ကော်ထောင်တွင်းတွင် ရေသန့်ရှင်းမှု မရှိခြင်း ၊ဆေးဝါးလုံလောက်မှု မရှိခြင်းနှင့် ရိက္ခာပြတ်လပ်မှုတို့ကို ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း မတ်လရှစ်ရက်က လွိုင်ကော်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးမှ ကိုသက်နိုင်စိုးကပြောသည်။
“ စစ်ဖြစ်နေတဲ့နေရာဒေသဖြစ်လို့ အခုက ထောင်ဝင်စာပို့ဖို့ ခက်ခဲတယ်။အဆင်မပြေဘူး။ ဒေသခံတွေကလည်း မြို့ပေါ်မှာမရှိဘူး။စစ်ရှောင်နေရတာ များတယ်။ မြို့ပေါ်ကလည်း စစ်တပ်နှင့် ဆက်စပ်သူတွေပဲ သွားလာနေရတယ်။သာမန်အရပ်သားကို ပေးမသွားတော့ နိုင်ကျဥ်းတွေ ရိက္ခာပြတ်လပ်နေတယ်။ ငါးပိရည်နဲ့ စားနေရတယ်။ ရေလုံပြုတ် ကိုစားရပြီး အရွက်ပါတယ်ဆိုရုံပဲ ဟင်းရည်ကျဲနဲ့ စားသောက်ရတယ်” ဟု ၎င်းက ပြောသည်။
လွိုင်ကော်ထောင်တွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဝန်ထမ်းများပင် ပြင်ပကိုထွက်ရန် စာတင်ရကာ အဆင့်ဆင့် စည်းကမ်းတင်းကျပ်ထားကြောင်း သိရသည်။
ဗီတာမင်ဓာတ်ချို့တဲ့မှုသည် နိုင်ငံရေးအကျဥ်းသားများအပေါ် များစွာ သက်ရောက်မှုရှိနေပြီဖြစ်ကြောင်းလည်း ကိုသိုက်ထွန်းဦးက ပြောသည်။