စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၁ ဦးအလံဖြူထောင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)စစ်ဒေသက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အမှတ် -၂၂၈ ခြေလျင်တပ်ရင်း(ခလရ -၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ရှိသည့် မြို့သစ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက မေ ၇ ရက်၊ နံနက် ၅ နာရီမှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနောက် ငါးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ကျတော်တို့ဘက်ကတော့ ရဲဘော်နှစ်ယောက်အကျအဆုံးရှိတယ်ဗျ။ ဒီကောင်တွေ(စကစ)ဘက်ကတော့ လောလောဆယ်ကျတော်တို့ လုံးဝအတည်ပြုနိုင်တာတော့မရှိသေးဘူးဗျ။ ဒီနေ့လည်း ရှင်းလင်းရေးတွေဝင်နေဆဲဆိုတော့လေ” ဟု တမူးခရိုင်တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
မြို့သစ်မြို့သိမ်းတိုက်ပွဲကို တမူးခရိုင် ကွပ်ကဲရေးမှူးဦးစီး၍ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တမူးမြို့နယ်၊ ပကဖအဖွဲ့က ထောက်ပို့အနေဖြင့် ပါဝင်ခဲ့သည်။
တိုက်ပွဲအတွင်း ရဲ (၂၁) ဦး အလံဖြူထောင်လက်နက်ချခဲ့ပြီး ဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ ပါဝင်ခဲ့ကာ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂) လုံး၊ အီနာဂါငါးလုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ Station Jammer သုံးခု၊ ကျည်အိမ် (၃၄) ခုနှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ မြို့သစ်က အထက်ပိုင်း ဟုမ္မလင်းနဲ့တမူးအချိတ်အဆက်မှာ အဓိကကျတယ်။ ခမ်းပါတ်သိမ်းပြီးတော့ တမူးအထက်ပိုင်းမှာပဲ တိုက်ပွဲကဖြစ်နေတာ။ အခုမြို့သစ်သိမ်းပြီးပြီးဆိုတော့ တမူးနဲ့ဒီဘက်က ပျူရွာတွေဟဲဇင်း၊ ပန်းသာပဲကျန်တော့တာ။ အခုကတော့ လေယာဥ်တွေတော့ တဝဲဝဲဖြစ်နေတယ်ဗျ” ဟု တမူးမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
မြို့သစ်မြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့်လက်အောက်ခံများသည် မြို့သစ်မြို့၏ တစ်ဘက်ကမ်း မင်းသာရွာဘက်သို့ဆုတ်ခွာသွားကြောင်းသိရသည်။
တမူးခရိုင်တွင် ခမ်းပါတ်တိုက်နယ်နှင့်မြို့သစ်တိုက်နယ်ဟူ၍တိုက်နယ်နှစ်ခုရှိပြီး လက်ရှိတွင် တမူးမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်၌သာ စစ်ကောင်စီကအထိုင်ချစိုးမိုးထားနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။