စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူများအား နေ့စဉ် အကြောင်းအမျိုးမျိုးပြဖမ်းဆီးကည ငွေတောင်းခံနေကြောင်း ရွှေဘိုမြို့ခံများထံမှ သိရသည်။
“သူတို့ကို ဖြတ်တောက်မှုတွေ ခဏခဏလုပ်တော့ ရန်သူကပြန်လှုပ်ရှားတဲ့သဘောလေ အဓိက ကတော့ ငွေညှစ်တာပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရွှေဘိုမြို့ပေါ်ရှိ ဈေးဆိုင်များ၊ ဈေးတန်းများကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဈေးထဲကို ဝင်စစ်တာ ၁၀ ရက်လောက်ရှိပြီ၊ ကားနဲ့လှည့်ပတ်ပြီးဖမ်းတာကငါးရက်လောက်ပဲ ရှိသေးတယ်၊ ဈေးသည်တွေ တစ်ရက်၊ တစ်ရက်ဖမ်းခံရတာ မနည်းဘူး၊ တစ်ဆိုင်ကိုငါးသိန်း၊ ခြောက်သိန်း အဲ့လိုတွေ ပေးရတာ၊ နာမည်တပ်ပြီး အဖမ်းခံရတဲ့သူတွေကသိန်း ၅၀ လောက်ထိပေးရတယ်တောင်ကြားတယ်” ဟု ရွှေဘိုမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ရွေလျားစနစ်ဖြင့် တစ်နေရာပြီးတစ်နေရာ ရပ်ကာ စစ်ဆေးဖမ်းဆီးသည့်ပုံစံဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
၎င်းစစ်ကောင်စီတပ်သားများသည် ဝတ်စုံပြည့်ဝတ် စစ်သားများပါဝင်သော ကားသုံးစီး၊ အရပ်ဝတ် စစ်ကောင်စီဘက်တော်သားများပါဝင်သော အိမ်စီးကားသုံးစီးခန့်ဖြင့် မြို့ထဲ၌ လှည့်လည်ဖမ်းဆီးနေခြင်းဖြစ်သည်။
“ဖမ်းဆီးတဲ့အကြောင်းတွေကတော့ စုံနေတာပဲ၊ ဈေးဆိုင်က လမ်းပေါ်ရောက်နေလို့၊ လမ်းဧရိယာနဲ့မလွတ်လို့ဆိုပြီး ဖမ်းတာတွေရှိတယ်၊ မနက် ၆ ည ၆ မာရှယ်လောကို မလိုက်နာလို့ဆိုပြီး ဖမ်းတာတွေရှိတယ်၊ ခုဆိုအပြင်ထွက်ရတာတောင် စိတ်မလုံခြုံတော့ဘူး” ဟု ရွှေဘိုမြို့နေ အသက် ၂၆ နှစ်အရွယ်ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။
စစ်ကောင်စီက ရွှေဘိုမြို့နယ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်တို့နှင့်အတူ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းအမိန့်ထုတ်ပြန်သည့်အချိန်မှစ၍ နံနက်ခင်းဈေး၊ ညဈေးရောင်းကြသည့် ဈေးသည်အများအပြား ဒုက္ခရောက်ခဲ့ရပြီး ယခုကဲ့သို့ ဈေးသည်များအား အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးငွေတောင်းခံမှုကြောင့် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။