စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းသင်တန်းပြုလုပ်နေစဥ် ဗုံးကြဲခံရ၍ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မကြီးအုပ်ကျေးရွာသို့ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကြဲချ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ကြဲချသွားတာပါ၊ Local PDF တပ်ဖွဲ့တစ်ခုက နည်းပညာသမားတွေရဲ့ သင်တန်းပါ၊ အခုထိတော့ PDF လေးယောက်၊ အရပ်သား တစ်ယောက် ရုပ်အလောင်းတွေ တွေ့ထားပါတယ်။ ကျန်တဲ့ ပျောက်ဆုံးနေသူတွေကိုလည်း ရှာနေတုန်းပါ၊ ဒဏ်ရာရရှိသူတွေလည်း ၁၀ ဦးအထက်မှာ ရှိပါတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ ဒီပဲယင်းဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မကြီးအုပ်ကျေးရွာမှ စာသင်ကျောင်းအပြင် PDF စစ်ဆေးရေးဂိတ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး၊ နောက်ဆက်တွဲအခြေအနေများကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
“ အညာမှာက သတင်း ခဏခဏပေါက်တယ်။ အစည်းအဝေးလုပ်တဲ့နေရာတွေလည်း သတင်းပေါက်လို့ လေယာဥ်နဲ့ အကြဲခံရတယ်။ အဲ့ဒါကြောင့်မို့လည်း PDF တွေ အနေနဲ့လည်း ရွာတွေမှာ သင်တန်းတွေ၊ အစည်းအဝေးတွေ မလုပ်ကြဖို့ လိုအပ်တယ်” ဟု ယင်းမာပင်မြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရေဦးမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များမှလည်း ဒီပဲယင်း၊ ရေဦး၊ ခင်ဦးနှင့် တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း လှည့်လည်၍ စစ်ကြောင်းထိုးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၁၇ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းမြို့အနောက်ခြမ်းရှိ ယင်းတွေ၊ ကွက်သစ်၊ မဲသည်နှင့် အင်းတန်းကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။