ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ဘီးလင်းတံတား (ကျုံအိတ်တံတား) သည် ၂၀၂၄ခုနှစ်၊ မေ ၁၁ရက်၊ နံနက်အစောပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရခြင်းကြောင့် ရန်ကုန် – မော်လမြိုင်၊ ရန်ကုန် – ဘားအံ ခရီးစဉ် အဝေးပြေးကားလတ်မှတ်များ အရောင်း ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းတချို့ထံမှ သိရသည်။
အဆိုပါတံတား ကျိုးကျပျက်စီးသွားသည့်အတွက် ယာဉ်လိုင်းများသွားလာရန်မလွယ်ကူတော့သဖြင့် ယခု ကဲ့သို့ အရောင်းရပ်လိုက်ခြင်းဖြစ်ပြီး ပြန်လည်ရောင်းချမည့်နေ့ကို ကြေညာပေးသွားမည်ဟု ရန်ကုန် – မော်လမြိုင်သို့ ပြေးဆွဲနေသည့် အဆင့်မြင့်ခရီးသွားယာဉ်လိုင်းတစ်ခု၏ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
“မနက်ဖြန်ကစပြီး နားထားတယ်။ ဘယ်နေ့ ပြန်ထွက်မလဲဆိုတာကို ပြန်ကြေညာပေးပါမယ်၊ လက်မှတ်ဖြတ် ပြီးသားဆိုရင် ငွေပြန်လိုချင်ရင် ပြန်အမ်းပေးပါတယ်။ အဲ့ဒါမှမဟုတ် သွားမဲ့ ရက်ကိုရွှေ့လို့လည်း ရပါတယ်နော်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မော်လမြိုင်ဂိတ်ဘက်ခြမ်းရှိ အဆင့်မြင့် ခရီးသွားပို့ဆောင်ရေးယာဉ်လိုင်းတစ်ခုသို့ ဆက်သွယ်မေးမြန်း ကြည့် ရာတွင်လည်း “ဒီရက်ထဲ သွားဖို့ မဖြစ်နိုင်သေးဘူး။ အရောင်းတွေ အကုန်ရပ်လိုက်တယ်။ အရောင်းငှာနခွဲ အားလုံးကိုလည်း မရောင်းပေးဖို့ ပြောထားတယ်။ လောလောဆယ်တော့ တစ်ရက်ပဲ အရောင်းနောက်ဆုတ်ထားတယ်။ အခြေ အနေ ကြည့်ပြီးတော့ ညီမတို့ ပြန်ပြောပေးမှာပါ” ဟု အဆိုပါ ယာဉ်လိုင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်တလောတွင် ခရီးသွားများကို လက်မှတ်ခများ ပြန်လည်ငွေထုတ်ပေးခြင်းနှင့် ရက်ရွှေ့ဆိုင်း ပြောင်းလဲကာ လက်မှတ်များ ပြန်လည်ဖြတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးကြောင်းသိရသည်။
ယခုကဲ့သို့ အဆင့်မြင့်ခရီးသွား Express ကားများက အရောင်းရပ်တန့်သွားသော်လည်း၊ အိမ်စီးငှားဖြင့် ဝန်ဆောင်မှုပေး နေသည့် ယာဉ်များမှာ ရပ်တန့်မသွားဘဲ လယ်ကွင်းများမှ ဖြတ်သန်းမောင်းနှင်မည်ဟု အိမ်စီးကားအငှားဝန် ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
“အဲ့အနီးအနားက ရွာထဲက ပတ်သွားလို့ရတယ်။ မနက်ကတော့ ရွာထဲက ပတ်ခွင့်မပေးဘူး အခုတော့ သွားခွင့် ပေးတယ်။ တံတားကမသွားဘဲ ပြောရမယ်ဆိုရင် စပါးစိုက်တဲ့စိုက်ခင်းထဲကနေ ပိုက်ဆံပေးပြီးဖြတ်မယ်၊ အဲ့ဒါကျ တော့ မြန်မြန်ရောက်တယ်လေ၊ ဒီဟာကိုစောင့်နေမယ်ဆို ခရီးသည်တွေ အကုန်ဒုက္ခရောက်ကုန်မှာပေါ့” ဟု ရန်ကုန်-မော်လမြိုင်-ဘားအံ-မြဝတီသို့ အိမ်စီးကားဖြင့် ပြေးဆွဲနေသူတစ်ဦးကပြောသည်။
၂၀၂၃ခုနှစ်၊ဇွန်၂၉ရက်က ကျုံအိတ်တံတားကို တော်လှန်ရေးတပ်တို့က မိုင်းခွဲခဲ့ဖူးပြီး စစ်တပ်က ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေ၍ မိုင်းခွဲခဲ့ခြင်းဟုဆိုသည်။