တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေကြောင်းအသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း Democracy Movement Strike Committee-DAWEI- DDMSCနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၀ရက်၊ နေ့လယ် ၁၂နာရီခန့်တွင် ကနက်သီရိကျေးရွာသို့ စစ်ကောင်စီတပ်က ဒုတိယအကြိမ်အဖြစ် ဂျက်လေယာဉ်တစ်စင်း၊ ရဟတ်ယာဉ် တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရွာအနောက်ဘက် ပင်လယ်၀တွင် ကျောက်ချထားသည့် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း DDMSC မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ သေတဲ့သူ သုံးယောက်က လှေနဲ့ အလုပ်လုပ်နေကြတာ၊ လေယာဉ်သံကြားလို့ တက်ကြည့်ရင်း လက်နက်ကြီးစ မှန်ပြီး သေတယ်လို့ သိရတယ်။ ကနက်သီရိမှာ တော်လှန်ရေးအဖွဲ့တွေ့လဲမရှိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပဲဒက်ရွာနဲ့ကလဲ မိုင်သုံးဆယ်လောက်ဝေးတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများသည် အသက် ၄၀အရွယ်ရှိ ဦးနောင်၊ ဦးနိုင်ကြီးနှင့် ဦးညီဦးတို့ဖြစ်ပြီး ချက်ခြင်း သင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ပထမအကြိမ်လာကြဲတုန်းက ရှောင်တဲ့သူတွေရှိသလို၊ ပုန်းပြီး ပြန်၀င်လာကြတဲ့သူတွေလည်းရှိတယ်။ အခု ဒုတိယအကြိမ် ဗုံးကြဲပြီးတော့ ရွာထဲ ပြန်မ၀င်ရဲတော့ဘူး” ဟု ကနက်သီရီ ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ တိုက်ခိုက်မှုကြောင့် ရငဲ၊ နတ်ဆိ(ကနက်သီရိ)၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်ရွာမှ ဒေသခံ ၇၀၀၀ခန့် စစ်ဘေးရှောင်နရကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၈ရက်၊ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းမပေါ်ရှိ ပဲဒက်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကာ၊ စစ်သား ၈ဦး သေဆုံးပြီး ၂၆ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။
ယခုကဲ့သို့ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရပြီးနောက် မေ ၈ရက်၊ ညနေ ၆နာရီခန့်တွင် စစ်ကောင်စီက ရငဲ၊ နတ်ဆိ(ကနက်သီရိ)၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်ရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကနက်သီရိကျေးရွာမှ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးသေဆုံးခဲ့ပြီး မေ ၁၀ရက်တွင် လေကြောင်းနှင့် ရေကြောင်းအသုံးပြုကာ ကနက်သီရိ ကျေးရွာသို့ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။