ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသနှင့် ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံ ၃၀၀၀ ကျော်အတွက် ဆေးဝါးများလိုအပ်နေကြောင်း အင်းလေးအမျိုးသမီး သမဂ္ဂနှင့်ဒေသခံများထံမှသိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် PNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အင်းလေးဒေသနှင့် ဖယ်ခုံနယ်စပ်သို့ ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ထားခဲ့ခြင်းဖြစ်သည်။
“ ဆေးကအခြေခံဆေးဝါးဖြစ်တဲ့ အဖျားပျောက်ဆေး၊ သွေးတိုး၊ ၀မ်းလျှောတာ၊ ချောင်းဆိုးပျောက်ဆေးတွေကအစ လိုတယ်။ တစ်ချို့ဆိုသွေးစစ်ဖို့တောင်မရှိလို့ သွေးချို၊ ဆီးချိုတောင် စစ်မရဘူး” ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါနယ်မြေများသည် စစ်ရေးပြင်းထန်နေသော နယ်မြေများဖြစ်သည့်အတွက် ဒေသခံများ ရောဂါပြင်းထန်စွာဖြစ်ပွားပါက ကုသရန်မလွယ်ကူကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ ငါးလလောက်တော့ရှိပြီ၊ ဆေးဝါးတွေကခိုးသယ်ရင်တော့ရတယ်။ ခက်ခဲတယ်။ လူတိုင်းကမသယ်ရဲကြတော့ဘူး။ အတင်းစစ်နေတော့ မိရင်လည်းမလွယ်ဘူး။ ဒီဘက်မှာက စစ်ဆိုင်နေတာတွေလည်းရှိတော့” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဟု အင်းလေးဒေသနှင့် ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်တစ်ဦးကပြောသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၂၁ရက်မှ မေ ၅ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၆၂ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၃၁၇၈ကြိမ် ရှိခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် အရပ်သား ၆၇ဦးသေဆုံးပြီး ၈၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။