စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပုံရွာအနီးရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ရှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊တပ်ခွဲ သုံး (လျှပ်စီးတပ်ခွဲ) က သတင်းထုတ်ပြန်သည်။
မေလ ကိုးရက်၊ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မုံရွာ – ချောင်းဦးလမ်းမပေါ် တောင်ပုံရွာထိပ် အခြေစိုက် စစ်တပ်စစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောပုပျူစောထီးကျေးရွာက ပျူစောထီးတစ်ဦး လည်း ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။
“ကျတော်တို့က ကားပေါ်ကနေ ရုတ်တရက် ပစ်တာ။ပစ်ပစ်ချင်း သုံး ယောက်သေတယ်။ကျန်တဲ့ကောင်တွေက ထွက်ပြေးတယ်။ကျတော်တို့က ကားပေါ်ကနေ ဆင်းပြီး လိုက်ပစ်တာမှာ ငါးယောက်ထပ်သေတယ်။နှစ်ပွင့်ဗိုလ်လည်း သေတဲ့အထဲပါတယ်။သေနတ်က ကောက်လို့မရဘူး။ကျန်နေတဲ့ စစ်သားတချို့က လက်ပစ်ဗုံးနဲ့ပစ်တော့ ကောက်လို့မရဘူး” ဟု မုံရွာခရိုင် အမှတ်၁၂ တပ်ရင်းက တပ်ခွဲမှူး ကိုမိုးကြိုးက MPAသို့ ပြောသည်။
ယင်းဂိတ်မှာ တောင်ပုံရွာထိပ်ရှိ ကွမ်းယာဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး စစ်သား၂၀ခန့်ရှိကာ ခရီးသွားကားများထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်လျက်ရှိ ကြောင်းသိရသည်။
“ကျတော်တို့ တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ စစ်ကူမလာသလို လက်နက်ကြီးပစ်ကူလည်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းဂိတ်ကို PDFတို့က Fawကားတစ်စီးနှင့် ဆိုင်ကယ်တို့ဖြင့် ဝင်ပစ်ခြင်း ဖြစ်ကြောင်း သိရသည်။
“တချို့စစ်သားတွေလည်း ထွက်ပြေးကြတယ်။ ခံပစ်တဲ့သူတွေလည်းရှိတယ်။ သူတို့အများဆုံး သုံး တာက နာနတ်သီး(လက်ပစ်ဗုံး)တွေနဲ့ပြန်ပစ်တယ်။ကျတော့် ရှေ့ နှစ်ပေလောက်ကို ဗုံးလာကျလို့ ရှောင်လိုက်ရတာ။ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။သေတဲ့ နှစ်ပွင့်ဗိုလ်က ဗိုက်ရွှဲရွှဲ အသက် ၃၈ လောက်ရှိတယ်” ဟု Anyathian Revolutionary Syndicate (ARS) မှ စစ်ကြောင်းမှူး ရဲဘော်ကျော်ကြီး ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများကို ယင်းနေ့ ညနေလေး နာဝန်းကျင်၌ မုံရွာမြို့ဘက်သို့ ကားဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။
ယင်းဂိတ်ကို တိုက်ခိုက်ရန် မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း၊ တပ်ခွဲ သုံး (လျှပ်စီးတပ်ခွဲ)၊ Anyathian Revolutionary Syndicate (ARS) နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ငါး ရက်ခန့်အချိန်ယူပြင်ဆင်ခဲ့ကြောင်းနှင့် PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားနှင့်ပျူစောထီးတို့ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။