ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄၉ ရွာတွင် သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၏တောင်ဘက် ၂၅ မိုင်အကွာတွင်တည်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၉၄ ခုနှင့် ကျေးရွာပေါင်း ၂၀၀ ခန့်ရှိပြီး လက်ရှိတွင်ကျေးရွာပေါင်း ၄၉ ရွာတွင် သောက်ရေနှင့်သုံးရေများပါ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ရေရှားနေတာတော့ တစ်မြို့နယ်လုံးနီးပါးတော့ ဖြစ်မယ်ဗျ။ တချို့ရွာတွေမှာဆိုရင် သောက်ရေ အပြင်ကို သုံးရေပါလိုအပ်နေတာ။ ဒေသခံတွေအပြင်ကိုမှ စစ်ဘေးရှောင်ဖို့ ရောက်လာတဲ့ သူတွေပါ ဒုက္ခရောက်နေကြတာ။ ရေတွေအပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်” ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တိုက်ခိုက်ခဲ့သော မိုခါမုန်တိုင်းကြောင့် သောက်ရေကန်အများစုတွင် ဆားငန်ရေများဝင်ရောက်ခြင်းနှင့် အမှိုက်များကျရောက်ခြင်းတို့ကြောင့် ပျက်စီးမှုများရှိခဲ့ကြပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း မိုခါနောက်ဆက်တွဲဆိုးကျိုးများကြောင့် သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
“ပုဏ္ဏားကျွန်းတစ်မြို့နယ်လုံးမှာက စစ်ဘေးရှောင် ၅၄,၀၀၀ ကျော်ရှိတယ်။ အားလုံးနီးပါးက သောက်ရေ သုံးရေအပြင် စားနပ်ရိက္ခာပါ အခက်အခဲဖြစ်နေကြတယ်။ ပုဏ္ဏားကျွန်းမှာရေက အရင်ကတည်းကလည်းအနည်းငယ်ရှားပါးတယ်။ အခုနှစ်က ရာသီဥတုကလည်း အရမ်းပူတာရော မိုခါတုန်းက ရေကန်တွေကို သေချာသန့်ရှင်းမှုမလုပ်ခဲ့တာတွေရောနဲ့ သောက်ရေတွေ ညစ်ညမ်းပြီး အခက်အခဲဖြစ်နေကြတာပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ရှင်းပြသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ စစ်ရှောင်တစ်ဦးကလည်း “စားနပ်ရိက္ခာနဲ့ ရေကတော့ အဓိက လိုအပ်နေတယ်။ ကလေးတွေအတွက်ဆိုလည်း အာဟာရဖြည့်စွက်စာတွေက လိုအပ်တယ်။ အဝတ်အစားတွေလည်း လိုအပ်တာတွေလည်းရှိတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတဲ့သူတွေလည်းရှိတော့ လိုအပ်ချက်တွေက အများကြီးပဲ” ဟု ဆိုသည်။
ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဒေသခံများအပါအဝင် စစ်ဘေးရှောင်များအတွက် သောက်သုံးရေ အဆင်ပြေစေရန်အတွက် ရေချိုကန်များမှ တစ်ဆင့်သယ်ယူပေးရပြီး ခရီးအကွာအဝေးကြောင့် ကားများအသုံးပြုရာတွင် မြင့်တက်နေသော ဓာတ်ဆီဈေးနှုန်းကြောင့် အခက်အခဲများရှိနေကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ တာဝန်ရှိသူက ပြောသည်။
“ရေကန်တွေက စစ်ရှောင်တွေရှိတဲ့နေရာနဲ့ဝေးတော့ ရေကိုကားတွေနဲ့သယ်ပြီးမှ ပြန်ဝေပေးရတာ။ မနေ့ကဆို တစ်ရက်တည်းနဲ့ ၁၀ ဂါလံတောင်ကုန်တယ်။ ဓါတ်ဆီတွေကလည်း တစ်လီတာကို ၃၆,၀၀၀ တောင်ဖြစ်သွားတော့ ငွေကြေးတက်နိုင်မှုကလည်း မရှိတော့ဘူး။ အလှူရှင်တွေ လိုအပ်နေတယ်” ဟု ၎င်းကဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရေအခက်အခဲဖြစ်နေသည့် စစ်ရှောင်များနှင့် ရွာသားများ ခိုလှုံနေသော နေရာနှစ်ခုအား ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဒုတိယအကြိမ်အဖြစ် လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။